Monday 12 January 2015

လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထားရှိပါက နယ်မြေခံ ရဲတပ်ဖွဲ့များ ဝင်ရောက် ဖမ်းဆီးနိုင်

ရန်ကုန်တိုင်းဒေသကြီး ၃၁ မြို့နယ်ရှိ ဆိုင်ကယ်စီးခွင့် မပြုထားသည့် နယ်မြေ၌ လိုင်စင်မဲ့ ဆိုင်ကယ်များ နေအိမ်တွင် ထိန်းသိမ်းထားပါက နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ဥပဒေအရ ဝင်ရောက်ဖမ်းဆီးခွင့်ရှိသည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒု-ရဲမှူး ဝင်းလွင်က ပြောသည်။

ဇန်န၀ါရီ ၉ ရက်က အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လိုင်စင်ရှိဆိုင်ကယ်တွေသာ အိမ်မှာ ထားခွင့်ရှိတာပါ။ လိုင်စင်မဲ့တွေဆိုရင် အိမ်မှာ ထားခွင့်မရှိပါဘူး။ လိုင်စင်မဲ့ ဆိုင်ကယ် ဒီအိမ်မှာ ရှိတယ်ဆိုရင် သတင်းပဲရရ၊ တိုင်ကြားသူပဲရှိရှိ ကျွန်တော်တို့ နယ်မြေခံ ရဲတပ်ဖွဲ့တွေက ဥပဒေနဲ့အညီ ဝင်ရောက် ဖမ်းဆီးခွင့်ရှိပါတယ်” ဟု ၎င်းကပြောသည်။

ဆိုင်ကယ်ဖမ်းဆီးမှုများ ရန်ကုန်တိုင်း ဒေသကြီးတွင် ပြုလုပ်လျက်ရှိရာ ဇန်န၀ါရီ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ်အတွင်း ဆိုင်ကယ်စုစုပေါင်း ၂၂၈ စီး ဖမ်းဆီးရရှိခဲ့သည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့များအနေဖြင့် လက်ရှိ တွင် မော်တော်ဆိုင်ကယ် ဖမ်းဆီးမှုများကို ဦးစားပေး ဆောင်ရွက်နေ သည်ဟု ဒု-ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

“တကယ်တော့ ရန်ကုန်တိုင်းဒေသကြီး ၃၁ မြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးနင်းခွင့် လုံးဝခွင့်မပြုထားပါဘူး။ တချို့ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းတာမျိုးရှိပေမယ့် ဒါက ခွင့်ပြု ချက်ပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ။ စည်ပင်သာ ယာ ရဲတပ်ဖွဲ့ဝင်တွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ စာပို့တွေ စသဖြင့် အရေးကြီး ဆောင်ရွက်ချက်တွေကို ဌာန ဆိုင်ရာတွေမှာ ကန့်သတ်ချက်နဲ့ ပေးထားတာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

လိုင်စင်ရှိ စည်းကမ်းမဲ့ ဆိုင်ကယ်များကို စည်ပင်ဥပဒေဖြင့် ဖမ်းဆီးအရေးယူခြင်း ဖြစ်ပြီး ဒဏ်ငွေကျပ်နှစ် သောင်းမှ သုံးသိန်း အထိ ပေးဆောင်စေကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များကို ရဲစခန်းတွင် အမှုဖွင့်ကာ ဆိုင်ကယ်ကို သိမ်းဆည်းကြောင်း ၎င်းက ပြောသည်။

တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့် ၀န်ထမ်းများ စီးနှင်းရာမှာ ဆိုင်ကယ် ဦးထုပ်၊ လိုင်စင်အပြင် ဌာနဆိုင်ရာဝတ်စုံ အပြည့် ၀တ်ဆင်ထားခြင်း စသည့်အချက်များ ပြုလုပ်ခြင်းမရှိပါက ဥပဒေအရ ဖမ်းဆီးအရေးယူသွားမည် ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment