Monday 12 January 2015

အဋ္ဌမတန်း စာမေးပွဲရမှတ်နှင့် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများ ခွဲခြားသွားမည်မဟုတ်

အတန်းတင်စာမေးပွဲစနစ်ကို တိုင်းစစ်အဖြစ် ဖြေဆိုကြရမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ နဝမတန်းသို့ ဆက်လက် တက်ရောက်ရာတွင် စာမေးပွဲရမှတ် အဆင့် (Grade) အလိုက် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများ ခွဲခြားသတ်မှတ်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။

သိပ္ပံဘာသာတွဲ သင်ကြားရန် ဆရာ၊ ဆရာမ မရှိသော စာသင်ကျောင်းများမှ လွဲ၍ အခြေခံပညာ အထက်တန်းကျောင်းတိုင်းတွင် ကျောင်းသားစိတ်ကြိုက် ရွေးချယ်ခွင့်ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက အမှတ်နည်းရင် ဝိဇ္ဇာတို့ အမှတ်များရင် သိပ္ပံတို့ ယူခိုင်းတာ ရှိတယ်လေ။ အခုက အဲဒီလိုမရှိပါဘူး။ ကျောင်းသားရဲ့ ရွေးချယ်မှုပါပဲ” ဟု ဦးမျိုးညွန့်က ရှင်းလင်းပြောဆိုသည်။

သို့သော် အချို့အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းသားများ၏ ရမှတ်အနည်း၊ အများပေါ် မူတည်ကာ ဘောဂဗေဒ ဘာသာတွဲနှင့် ဇီဝဗေဒ ဘာသာတွဲများ ခွဲခြားခြင်းတို့ ရှိကြောင်း၊ ပညာရေး ဝန်ကြီးဌာနဘက်က ယင်းကဲ့သို့ ညွှန်ကြားချက် မထုတ်ထားကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“ဝိဇ္ဇာ၊ သိပ္ပံကို အရင်တုန်းကလို ယူလို့မရဘူးတဲ့၊ စာမေးပွဲအောင်တဲ့ အမှတ်ကနည်းရင် ကိုးတန်းကျရင် Eco (ဘောဂဗေဒ) ပဲ ယူရမယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောတယ်” ဟု ရန်ကုန်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ အဋ္ဌမတန်း ကျောင်းသူတစ်ဦးက ဆိုသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကစပြီး စတုတ္ထတန်းအဆင့်ကို ခရိုင်စစ်စာမေးပွဲအဖြစ်လည်းကောင်း၊ အဋ္ဌမတန်း အဆင့်ကို တိုင်းစစ်စာမေးပွဲအဖြစ် လည်းကောင်း သတ်မှတ်ကာ စစ်ဆေးသွားမည် ဖြစ်ပြီး အောင်စာရင်းကိုလည်း Grade အဆင့်လိုက် ခွဲခြားသတ်မှတ်ကာ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာထားသည်။

သို့သော် ဒီဇင်ဘာလအတွင်း စစ်ဆေးခဲ့သော တတ်မြောက်မှုစစ်ဆေးခြင်း အကြိုစာမေးပွဲတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့်တွင် ကျရှုံးသူ အများအပြား ရှိခဲ့ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment