Monday 12 January 2015

ယနေ့ကျင်းပမည့် သမ္မတ၊ တပ်ချုပ်နှင့် နိုင်ငံရေးခေါင်းဆောင်များ ဆွေးနွေးပွဲ အချိန်ကန့်သတ်ထားခြင်းမရှိ

နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးထိပ်သီးခေါင်းဆောင်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဆွေးနွေးပွဲကို အချိန်ကန့်သတ်ထားခြင်း မရှိဘဲ အကြောင်းအရာ သုံးခုကို လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုထား ကြောင်း တက်ရောက်ရန် ဖိတ်ကြားခံရသူများက ပြောဆိုကြသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ နိုင်ငံတော်သမ္မတ အိမ်တော်ဝင်း ငုရွှေဝါခန်းမတွင် ပြုလုပ်မည့် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌနှစ်ဦး၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ဆွေးနွေး ပွဲနှင့် ပတ်သက်ပြီး ၎င်းတို့က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပြုလုပ်ခဲ့သော နိုင်ငံရေးထိပ်သီး အစည်း အဝေးပွဲ ကဲ့သို့ တက်ရောက်လာသည့် ခေါင်းဆောင်များကို အချိန်အကန့်အသတ်ဖြင့် ဆွေးနွေးစေမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဆွေးနွေးပွဲက ခေါင်းစဉ်သုံးခု ခွဲထားတယ်။ နောက်ပြီး ဖိတ်ကြားထားတဲ့ လူတွေကလည်း များတော့ အပြန်အလှန် မဆွေးနွေးရင်တောင် ခြောက်နာရီလောက်တော့ ကြာနိုင်တယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အား စု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် ဒီမိုကရေစီ အသွင်းကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန် စေရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ပြီး ညင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးတို့ကို ဆွေးနွေးရန် သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။

“သေချာတာကတော့ တက်လာတဲ့ သူတွေက သူ့အမြင် ကိုယ်အမြင် ဆွေးနွေးမှာပဲလေ။ အဲဒီတော့ ခေါင်းစဉ်အောက်က နိုင်ငံရေး အကျပ်အတည်းက လွတ်မြောက်ရေးကို ဆွေးနွေးကြမယ် ဆိုပေမယ့် အချိန်က အရမ်းကြာနိုင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောထွန်း အောင်မြင့်က ဆိုသည်။

ယင်းသို့ ဆွေးနွေးပွဲအချိန် ပိုမိုကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း မည်သည့်အချိန်ထိ ပြုလုပ် မည်ဖြစ် ကြောင်း ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အချိန်ကတော့ လူများတော့ ပိုကြာနိုင်တယ်။ ကျန်တဲ့အပိုင်းတွေတော့ ပြောလို့မရပါဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရေး ပြဿနာများကို အဖြေရှာရန်အတွက် အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌနှစ်ဦး၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်း ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေး ထိပ်သီးခေါင်းဆောင် ၁၄ ဦး တွေ့ဆုံသည့် ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

သို့သော်လည်း အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်သူ တစ်ဦးလျှင် ၁၀ မိနစ်သာ စကားပြောရန် ကန့်သတ် ထားသဖြင့် မည်သည့်သဘောတူညီချက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာမျှ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။

The Voice Weekly 

No comments:

Post a Comment