Monday 12 January 2015

လစာတိုးပေးရင် လာဘ်စားတာ ပျောက်သွားမှာလား

မဇ္ဈိမရဲ့ စာဖတ်သူ ကဏ္ဍကို နေပြည်တော်က ဝန်ကြီးဌာနတစ်ခုမှာ ဝန်ထမ်းတစ်ဦး ဖြစ်တဲ့ ဒေါ်ခင်မိုးလွင် ရဲ့စာရောက်လာပါတယ်။


သူ့စာထဲမှာ ရေးထားတာကတော့ အခုလက်ရှိအချိန်မှာ ရေပန်းစားနေတဲ့ ဝန်ထမ်းတွေ လစာတိုးရန် သင့်မသင့်နဲ့ ပတ်သက်ပြီး ရေးသားထား တာ ဖြစ်ပါတယ်။ သူက သတင်းစာနဲ့ ဂျာနယ်တွေမှာ ဒီကိစ်္စနဲ့ ပတ်သက်ပြီး ရေးသားထားကြတာကို ၀န်ထမ်းတွေက စိတ်ဝင်တစားနဲ့ ဖတ်နေကြပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ လက်ရှိလစာနဲ့ မလုံလောက်တာ အမှန်ဖြစ်တဲ့အတွက် တိုးလာမယ့်ဝင်ငွေကို မျှော်လင့်မိကြမှာ ပဲဆိုတာ ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့ သူအနေနဲ့ နားလည်ခံစားမိပါတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ၀န်ထမ်းအင်အားဟာ နိုင်ငံနဲ့ လူဦးရေရဲ့ နှစ်ရာခိုင်နှုန်းသာ ရှိတဲ့အတွက် လစာတိုးမြှင့်လိုက်မယ် ဆိုရင် ပြည်သူ ၉၈ ရာခိုင်နှုန်းက ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားရမယ် ဆိုတာကို သူ့ထက်ပိုပြီး ပညာအသိဉဏ်မြင့်မားတဲ့ တာဝန်ရှိသူတွေ သိပါတယ်လို့ ပြောပါတယ်။ ၀န်ထမ်းတွေရဲ့ လစာတိုးပေးတာ နဲ့ အခု ဖြစ်ပေါ်နေတဲ့ အဂတိ လိုက်စားတာ၊ လာဘ်စားတာဟာ ပပျောက်သွားမှာလား ဆိုတဲ့ မေးခွန်းကို ဖြေဖို့ စဉ်းစားဖို့ လိုပြီး ပျောက်အောင်လုပ်နိုင်ရင် ထိထိရောက်ရောက် အရေးယူမယ်ဆိုရင် ဒီနေ့ ကုန်ဈေးနှုန်း လူမှုကုန်ကျစရိတ်တွေနဲ့ ညီအောင် လစာတိုးပေးပါ။ ဒီလို လစာခံစားမယ့် ၀န်ထမ်းတွေမှာလည်း ပြည်သူတွေပေးတာနဲ့ တန်အောင်ထိုက်တန်တဲ့ အရည်အချင်းတွေ မရှိရင် မခန့်စေချင်ပါဘူးလို့ ဆိုပါတယ်။

အခု ဌာနဆိုင်ရာတွေမှာ ဖြစ်နေတာက အလုပ်ခန့်ဖို့အတွက် နီးစပ်ရာတွေကို ခေါ်ပြီးခန့်၊ ရာထူးတိုးကျ တော့လည်း အပေါ်ပိုင်းနဲ့ အဆင်ပြေတဲ့ သူတွေအတွက်သာ ဖြစ်နေလေတော့ ပြည်သူလူထုအတွက် တာဝန်သိသိနဲ့ အရည်အချင်းရှိရှိ လုပ်နိုင်တဲ့ ၀န်ထမ်းတွေ ရှားပါးနေတာ တွေ့ရပါတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ကတော့ ၀န်ထမ်းတစ်ယောက်အနေနဲ့ လစာလည်းတိုးစေချင်ပြီး ၀န်ထမ်းတွေရဲ့ အခုလက်ရှိ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးတွေအပြင် နောင်ရေး စိတ်အေးရမယ့် အစီအမံတွေကို အစီအစဉ်ချ ပြီး လုပ်ကိုင်ပေးခဲ့ရင် ၀န်ထမ်းတွေ ဘက်ကလည်း ထိုက်တန်အောင် ပြန်မလုပ်နိုင်ခဲ့ရင် ထိထိရောက် ရောက် အရေးယူသင့်ကြောင်း ရေးသားလာတဲ့ ၀န်ထမ်း တစ်ဦးရဲ့ ခံစားချက်နဲ့ အမြင်ကို ဖော်ပြလိုက်ပါတယ်။
ပြတင်းတံခါးလေး ဖွင့်ပေးပါ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်မှ မရွှေစင်ရဲ့ စာတစ်စောင် စာဖတ်သူ ကဏ္ဍကို ရောက်လာခဲ့ပါတယ်။ သူရေးထားတဲ့အကြောင်းအရာကတော့ မြန်မာ့မီးရထားနဲ့ ခရီးသွားနေသူ တစ်ယောက်ရဲ့ တွေ့မြင်နေရတာတွေကို ရေးသားပေးပို့ ခဲ့တာ ဖြစ်ပါတယ်။

သူဟာ မြောက်ဥက္ကလာပကနေ လှိုင်မြို့နယ်ကို နေ့စဉ်အလုပ်သွားရာမှာ အိမ်နဲ့ မီးရထားဘူတာက နီးနေတဲ့အပြင် ကုန်ကျစရိတ် သက်သာတာရယ်၊ ကားလမ်းပိတ်ဆို့မှု မကြုံချင်တာရယ်ကြောင့် နေ့စဉ် မီးရထား စီးဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာ အထူးအဲကွန်းရထားတွေ ပြေးဆွဲပေးတဲ့အတွက် အဆင့်မြင့် ဆိုဖာ ထိုင်ခုံတွေနဲ့ စီးရတာ အဆင်ပြေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သူ နေ့စဉ်အလာမှာ စီးလာတဲ့ နေ့ခင်းအချိန်ဆို အဲကွန်းက မအေးဘဲ တံခါးတွေကလည်း အသေ ပိတ်ထားတာကြောင့် အလုံပိတ်ခန်းထဲမှာ စီးရသလိုမျိုး မွန်းကျပ်ပြီး ပြန်တဲ့ညပိုင်းအချိန်ဆိုရင် အေးစိမ့်နေ လို့ ခြုံစောင်တစ်ထည် အမြဲယူလာရတယ်လို့ ဆိုပါတယ်။ ခရီးသည်တွေက ပူတဲ့အချိန်မှာ အေးစေလိုပြီး ရထား ၀န်ထမ်းတွေကို ပြောတဲ့အခါ အဲကွန်း ဖွင့်ထားပေမယ့် နေ့လယ်ဘက်မှာ အင်ဂျင်အပူချိန် တက်သ လို ခရီးသည်တွေက တံခါးတွေကို ဖွင့်ပြီးပြီးချင်း ပြန်မပိတ်တာကြောင့် အပူချိန်တက်တာကြောင့်ရယ် ဒီ မီးရထားတွေက သူတို့နိုင်ငံတွေမှာ အဝေးပြေးတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ တစ်ဘူတာနဲ့ တစ်ဘူတာ အရမ်းနီးပြီး မကြာခဏ ရပ်နေရ တော့ တံခါးပေါက်ကနေ လေပူတွေဝင်တော့ အဲကွန်းက မအေးတာလို့ ပြောပါတယ်။

ဒါကြောင့် ခရီးသွားပြည်သူတွေ အဆင်ပြေစွာနဲ့ စီးနင်းနိုင်မယ့် အခြေအနေမျိုးကို ပြန်သုံးသပ်ပြီး ပြုပြင် ပြောင်းပေးစေချင်ပါတယ်လို့ အကြံပြုစာလေး ပို့လာတဲ့ မရွှေစင်ရဲ့စာကို ဖော်ပြလိုက်ပါတယ်။

Mizzima - News in Burmese 

No comments:

Post a Comment