Monday 12 January 2015

ဗန်းမောက်မြို့နယ် အတွင်း တရားမ၀င် ရွှေတူးဖော်သူ နှစ်ဦးကို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စီးမှော်ကျေးရွာအုပ်စုအတွင်း တရားမဝင်ရွှေတူး ဖော် လုပ်ကိုင်နေသူနှစ်ဦးကို ဇန်နဝါရီ ၉ ရက်က ဖမ်းဆီးရမိ ပြီး အရေးယူမှုများ ဆောင်ရွက်လျက်ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် သတ္တုတွင်း စီမံကိန်းရုံးမှ ခေတ္တတာဝန်ခံ လ/ထ-၃ ဦးဝင်းမောင်၊ ဗန်းမောက်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သိန်းထွန်းဝင်းနှင့် သစ်တော ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် စီးမှော်ကျေးရွာ အုပ်စုအတွင်း တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေမှုများအား ကွင်းဆင်း စစ်ဆေး ခဲ့ရာ စီးမှော်ရွာနှင့် လယ်ဦးရွာသွား လမ်းခွဲ မြောက်ဘက်တွင် လယ်ဦးကျေးရွာနေ ညိုလေး (၄၂ နှစ်)အား တရုတ်နိုင်ငံလုပ် Chanchaing အမျိုးအစား မှုန်ခြင်းတွဲလျက် ရေခရူပါ အင်ဂျင်စက် တစ်စုံ၊ တရုတ်နိုင်ငံလုပ် Walin အမျိုးအစား ၂၅ ကောင်အား ရေခရူ တွဲလျက် အင်ဂျင်တစ်လုံး၊ ရွှေမျှော လုပ်ရာတွင် အသုံးပြုသည့် လည်ချောင်းပိုက် တစ်ချောင်းနှင့် ပိုက်ပျော့ အဝါတစ်ခွေဖြင့် တရားမဝင် ရွှေတူးဖော် လုပ်ကိုင်ထားသည်ကို မြေစာပုံများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ စီးမှော်ရွာနှင့် လယ်ဦးရွာ လမ်းခွဲ၌ ဗန်းမောက်မြို့နယ် အောင်သာကုန်း ကျေးရွာနေ ဖြိုးကြွယ် (၂ဝနှစ်)ကိုလည်း တရုတ်နိုင်ငံလုပ် Jiangdod အမျိုးအစား ၂၅ ကောင်အား အင်ဂျင် ကိုယ်ထည်အဟောင်း တစ်လုံး၊ အဝါရောင်ပိုက်ပျော့ ငါးခွေ၊ ခြောက်လက်မ အပြာရောင် ကော်ပိုက် ၁၈ ပေခန့် တစ်လုံး၊ Hucachi အမျိုးအစား လိမ္မော် ရောင် ဘက်ဟိုး တစ်စီးဖြင့် တရားမဝင် ရွှေတူးဖော် လုပ်ကိုင် ထားသည်ကို မြေစာပုံများနှင့် အတူ ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အမှုနှစ်မှုစလုံးအား ဗန်းမောက်မြို့နယ် သတ္တုတွင်း စီမံကိန်းရုံး ခေတ္တ တာဝန်ခံ ဦးဝင်း မောင်က တရားလို ပြုလုပ် တိုင်ကြားခဲ့ပြီး ဗန်းမောက် မြို့မရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment