Tuesday 20 January 2015

ရန်ကုန်မြို့ စနစ်တကျ ဖွံ့ဖြိုးဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကနေ ၁၇ ရက်ထိ ရန်ကုန်မှာ 'ရန်ကုန်မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းရေး' ခေါင်းစဉ်နဲ့ ဖိုရမ်တစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဒေါက်တာသန့်မြင့်ဦး ဦးဆောင်တဲ့ ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး မြို့ပြ ပညာရှင် ဒေါက်တာ ကျော်လတ် အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေ အခြား ပညာရှင်တွေနဲ့ နိုင်ငံတကာက စိတ်ဝင်စားသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ဘာ တွေ ဆွေးနွေးခဲ့ကြသလဲ၊ ဘာတွေကို စိတ်ပူခဲ့ကြသလဲ၊ ရန်ကုန်မြို့ စနစ်တကျ ဖွံ့ဖြိုးဖို့ဆိုရင် ဘာတွေလို ပြီး ဘယ်သူတွေမှာ အဓိက တာဝန်ရှိမလဲဆိုတာ လေ့လာ သုံးသပ်ကြည့်ကြရအောင်။

ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြတာတွေကို လေ့လာကြည့်ရင် အပိုင်းနှစ်ပိုင်း ရှိတာတွေ့ ရပါတယ်။ ပထမတစ် ပိုင်းကတော့ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွေကို စနစ်တကျ ဆက်ထိန်းသိမ်းရေးနဲ့ နောက် ထပ် ဆောက်လုပ်မယ့် အဆောက်အအုံတွေကို ရန်ကုန်မြို့ပြ စိမ်းလန်းစိုပြည်မှုနဲ့ ပတ်ဝန်းကျင်ကိုထိခိုက်မှု မရှိစေဘဲ စနစ်တကျ ဆောက်လုပ်စေရေးပဲ ဖြစ်ပါတယ်။ တက်ရောက်လာသူတွေကလည်း အဲဒီ နှစ်ချက် ကို အဓိကထား စိတ်ပူပန်ကြတာ တွေ့ရပါတယ်။

ပညာရှင်တွေ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်လောက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရှေးဟောင်းအဆောက် အအုံ စုစုပေါင်း ၁၈၉ လုံး ရှိပါတယ်။ အဲဒီအထဲက တချို့ကို ဟိုတယ်လုပ်ငန်းလုပ်ကိုင်ဖို့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကို တင်ပြထားပြီး ကော်မရှင်ကလည်း တင်ပြသမျှ အားလုံးကို ခွင့်ပြုချက် ချပေးမယ်ဆိုတဲ့ သတင်းဖြစ်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး World Monument Fund က တာဝန်ရှိသူ တစ်ယောက်က ရှေးဟောင်းအဆောက်အအုံတွေကို မူလပုံစံမပျက်စေဘဲ ပြန်လည်ပြုပြင်ပြီး ဟိုတယ်အဖြစ် အသုံးပြုတာကို ကြိုဆိုသင့်ပေမယ့် ပုံစံပျက်သွားမှာ၊ ရှေးမူပျက်သွားမှာ စိုးရိမ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အထင်ကရ သမိုင်းဝင် အဆောက်အအုံကြီးတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့လယ်က ကျယ်ဝန်းလှတဲ့ ဝန်ကြီးများရုံးကိုတောင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကဟိုတယ် အဖြစ် အသွင်ပြောင်းဖို့ အစိုးရဆီ တင်ပြခဲ့ဖူးပါတယ်။ ဒီနေရာဟာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးခဲ့ရာနေရာဖြစ်ခြင်း၊ ခေတ်အဆက်ဆက် သမိုင်းဝင် တန်ဖိုးရှိခြင်း စတဲ့ အချက်ပေါင်းများစွာကို ထောက်ပြပြီး ပညာရှင်တွေအပါအဝင် ပြည်သူတွေကပါ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြလို့ ဟိုတယ် အသွင်မပြောင်း ဖြစ်ဘဲ ပြုပြင်ထိန်းသိမ်းမယ့် အဆောက်အအုံစာရင်း ဝင်သွားတာ ဖြစ်ပါတယ်။

တကယ်တော့ ရှေးဟောင်းအဆောက်အအုံကို ဟိုတယ်အဖြစ် အသွင်ပြောင်းတယ်ဆိုတာကလည်း နိုင်ငံတကာက လာလည်သူတွေကနေ ဝင်ငွေရှာဖို့ ဖြစ်သလို၊ ရှေးဟောင်းအဆောက်အအုံတွေကို ရှေးမူ မပျက် ထိန်းသိမ်းစောင့်ရှောက်တာဟာလည်း ကိုယ့်အမွေအနှစ်ကို ထိန်းသိမ်းရင်း နိုင်ငံတကာဧည့်သည် တွေ ဝင် လာအောင် ဆွဲဆောင်တာလည်းဖြစ်လို့ တကယ့်ရေရှည်အကျိုးအမြတ်ကိုကြည့်ဖို့ အေပီ သတင်းဌာနက ဂျာနယ်လစ်တစ်ယောက်ကလည်း ဆွေးနွေးခဲ့ပါတယ်။

နောက်ထပ် အဆောက်အအုံသစ်တွေ ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ရန်ကုန် နည်းပညာတက္ကသိုလ်က ဧည့်ပါမောက္ခ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးခင်မောင်ဝင်းက ရွှေတိဂုံစေတီတော် ခြေရင်း၊ စစ်တပ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ အလွန်ကြီးမားလှတဲ့ Dagon City စီမံကိန်းကြီးကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာနိုင်မလား၊ ရွှေတိဂုံစေတီတော်ကြီးကိုရော ထိခိုက်လာနိုင် မလား၊ ပညာရှင်တွေ ဆန်းစစ်ဖို့ သင့်တယ်လို့ ထောက်ပြပါတယ်။ အဲဒီ စစ်တပ်ပိုင် မြေနေရာ ဦးဝိစာရအဝိုင်းက နေ ဘုရားပတ်ဝန်းကျင် ဧရိယာဟာ သစ်ပင်တွေနဲ့ အမြဲအုပ်ဆိုင်းနေတတ်တဲ့၊ အမြဲ အေးမြနေတတ်တဲ့ ရန်ကုန်မြို့လယ်က အိုအေစစ်လေး သဖွယ်ဖြစ်နေလို့ပါဆိုပြီး ရှင်းပြပါတယ်။

ဗိသုကာ ပညာရှင် ဦးမြတ်ကျော်စွာ ကတော့ ရန်ကုန်မြို့ပြ စနစ်တကျ ဖွံ့ဖြိုးဖို့ ဗိသုကာ ပညာရှင်နဲ့ သဘာ ဝပတ်ဝန်းကျင် ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှ အဖြေထွက်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တကယ့် တကယ် ရန်ကုန်မြို့က တည်ဆောက်ရေး ကိစ္စတွေ၊ အများပိုင် နေရာတွေကို အမြော်အမြင်မဲ့ အသုံးပြုခွင့် ပေးနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် မြို့ပြပညာရှင်တွေ၊ ဗိသုကာ ပညာရှင်တွေရော၊ သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းသူတွေပါ ဘယ်သူမှ တတ်နိုင်ကြတာ မဟုတ်ပါဘူး။ အားလုံးကို အဆုံးအဖြတ် ပေးနေတာ အစိုးရအဖွဲ့ဖြစ်ပြီး တပ်မတော်ခေါင်းဆောင်တွေကလည်း သူတို့ပိုင်တယ်ဆိုတဲ့မြေပေါ်မှာ သူတို့ စိတ်ကြိုက် ဆောက်လုပ်ရေးလုပ် အကောင်အထည်ဖော်နေတာ ဖြစ်လို့ပါပဲ။

တကယ်ဆိုရင် ရန်ကုန်မြို့ မြေအသုံးချမှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေ တင်ပြထားတဲ့ အစီအစဉ်တစ်ခု ရှိနှင့်နေပြီး ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘယ်လောက်မြင့်တဲ့ အဆောက်အအုံ ဆောက်နိုင်တယ်၊ ရွှေတိဂုံ စေတီတော်နဲ့ ဘယ်လောက်အကွာ ဘယ်ဇုန်မှာ အထပ်ဘယ်လောက် ထက်မြင့်တာ မဆောက်စေရ၊ ဘယ်နေရာတွေကိုတော့ သဘာဝအတိုင်းထားမယ်လို့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာလွှတ်တော် တစ်ရပ်ရပ်ရဲ့ ဆွေးနွေးအတည်ပြုချက်နဲ့ ဥပဒေအဖြစ် မရောက်သေးပါဘူး။ ဒါကြောင့် လည်း အထပ်မြင့် အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတကျ ဆောက်မလားမဆောက်ဘူးလား၊ ဘယ်သူ မှ အာမ မခံနိုင်သေးပါဘူး။ ရန်ကုန်တိုင်း အစိုးရနဲ့ နေပြည်တော် အစိုးရ စိတ်တိုင်းကျ ခွင့်ပြုနေကြဆဲပါ။

အရင် စစ်အာဏာရှင်တွေဟာ သမိုင်းတန်ဖိုး မဖြတ်နိုင်တဲ့ ပုဂံရှေးဟောင်း အမွေအနှစ် စေတီပုထိုးတွေကို ရှေးမူမပျက် ထိန်းသိမ်းရမယ့်အစား အမြော်အမြင်မဲ့စွာနဲ့ ထင်သလို ပြုပြင်ခဲ့လို့၊ သမိုင်းအမွေအနှစ် ဖျက်ဆီးသလို လုပ်ရပ်မျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါတင်မက ရန်ကုန်မြို့က စိမ်းလန်းစိုပြည်တဲ့ ကန်တော်ကြီး ပတ် ဝန်းကျင် ဧရိယာကို ခြံခတ်သူတို့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကို ဈေးပေါပေါနဲ့ ချပေး၊ ဆိုင်ခန်းတွေ ဆောက်ခွင့်ပေးပြီး စီးပွားရှာခိုင်းခဲ့တာ သဘာဝ ပတ်ဝန်းကျင်လည်းပျက်၊ ပြည်သူတွေလည်း အပန်းဖြေ စရာနေရာ မရှိဖြစ်ခဲ့ရပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာလည်း ပြည်သူ့ဥယျာဉ်လို ပြည်သူတွေ အပန်းဖြေတဲ့ နေရာ၊ ရန်ကုန်တိုင်း လွှတ်တော်ဝင်းလို ကျယ်ဝန်းတဲ့ နေရာတွေကိုလည်း စီးပွားရေး လုပ်ငန်းရှင်တွေကို အဆောက်အဦတွေ တည်ဆောက်ခွင့်၊ စီးပွားရှာခွင့်ပေးခဲ့တာ မျက်မြင်ပါပဲ။

ဒါကြောင့် ရန်ကုန် ရှေးဟောင်းအမွေ အနှစ် အဆောက်အဦတွေကိုဘယ်လောက် ထိန်းသိမ်းနိုင်မလဲ၊ မြို့ပြဖွံ့ဖြိုးမှုအတွက် အဆောက် အအုံတွေ ဆောက်တာ စနစ် ကျမလား၊ ဗရမ်းပတာ ဖြစ်မလား၊ ပြည်သူ တွေပိုင် နေရာတွေကို ခုလိုပဲ ဆက်ပြီး လုပ်ငန်းရှင်တွေလက်ထဲ အပ်ဦးမလား ဆိုတာကတော့ အစိုးရရဲ့ အမြော်အမြင်ရှိမှု၊ မရှိမှု၊ လာဘ်ပေးလာဘ်ယူ ကိုယ်ကျိုးရှာမှု မရှာမှု အပေါ်မှာပဲ မူတည်နေမှာ ဖြစ်ပါ ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese 

No comments:

Post a Comment