Tuesday 20 January 2015

ဘုရားကျောင်းဖွင့်ပွဲတွင် ကျွေးသော ၀က်သားဟင်း စားမိရာမှ ၀မ်းပျက် ၀မ်းလျှောဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်၊ တဲသုံးလုံး ကျေးရွာ၌ ဘုရားရှိခိုး ကျောင်းသစ် ဖွင့်ပွဲတွင် ကျွေးသော ၀က်သားဟင်း စားမိ၍ (၃) ရက် အတွင်း ကလေးငယ် (၃၄) ဦး အပါအ၀င် လူပေါင်း (၈၀) ကျော် ဆေးကုသမှု ခံယူနေ ရကြောင်း သလပ်ခွာ တိုက်နယ် ဆေးရုံမှ သိရသည်။ ဇန်န၀ါရီလ (၁၇) ရက်နေ့က ပုသိမ်မြို့ တဲသုံးလုံး ကျေးရွာ၌ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းဖွင့်ပွဲတွင် တက်ရောက် လာသူများအား ၀က်သားဟင်းဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ ညနေမှ စ၍ ၀က်သားဟင်း စားမိသူ များမှာ ၀မ်းပျက် ၀မ်းလျှော ဖြစ်ခဲ့ပြီး ဇန်န၀ါရီလ (၁၉) ရက်နေ့ အထိ လူကြီး ကျား (၃၃) ဦး၊ မ (၂၀) ဦး ကလေး ကျား (၂၉) ဦး၊ မ (၁၅) ဦး စုစုပေါင်း (၈၇) ဦး ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းက ကျွေးတဲ့ ၀က်သားဟင်း စားမိရာ ကနေ စဖြစ်တာပေါ့။ လောလောဆယ် ဆေးရုံတက်နေရ သူတွေ ကတော့ စိုးရိမ်စရာ မရှိပါဘူး ဟု သလပ်ခွာ ရဲစခန်းမှူး ဦးဝင်းထွဋ် က The Messenger Media သို့ ပြောသည်။

ယင်းဖြစ်စဉ်ကို ပုသိမ်မြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနမှ သူနာပြု ဆရာမ (၇) ဦးကလည်း သွားရောက် ဆေးကုသမှု ပေးနေလျက် ရှိကြောင်း သိရသည်။ အများစုရဲ့ အခြေအနေ ကတော့ စိုးရိမ်စရာ မရှိပါဘူး။ အခြေအနေကို စောင့်ကြည့်ပြီး လိုအပ် ရင်တော့ ပုသိမ် ဆေးရုံကြီးကို ချက်ချင်း ရွှေ့နိုင်ဖို့ ပုသိမ်က ဆရာတွေလည်း ရောက်နေ ပါတယ်  ဟုသလပ်ခွာ တိုက်နယ် ဆေးရုံတွင် ၀က်သားစား မိ၍ ဆေးရုံသို့ တက်ရောက်ကုသ နေရသူ မန်းထွန်းကြည်က ဆိုသည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မြို့နယ်၊ ပေပင်ကြီး ကျေးရွာ အခြေခံ ပညာ အထက်တန်းကျောင်းမှ တက္ကသိုလ် ၀င်တန်း ၀င်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၃၂) ဦးသည် အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကာ ပုသိမ် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူခဲ့ ဖူးသည်။

Messenger News Journal 

No comments:

Post a Comment