Tuesday 20 January 2015

ကရင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်သည့် ကော်သူလေး တပ်မတော် ၂၀၁၆ မှသာ ဖွဲ့စည်း နိုင်မည်

ကရင် တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် ကော်သူလေး တပ်မတော် (KAF) အား ၂၀၁၆ ခုနှစ် မှသာ ဖွဲ့စည်း နိုင်မည် ဖြစ်ကြောင်း ယမန်နေ့က ကျင်းပ ပြုလုပ်သည့် DKBA တပ်ဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ ကော်သူလေး တပ်မတော် (KAF) အား ၂၀၁၄ ခုနှစ် အောက်တိုဘာက (၁၃) ရက်နေ့တွင် စာဖြင့် စတင် ဖွဲ့စည်းပြီး လက်ရှိတွင် ကော်သူလေး တပ်မတော်အား လက်ခံခဲ့သည့် အဖွဲ့မှာ DKBA တပ်ဖွဲ့တစ်ဖွဲ့တည်းသာ ရှိသေးကြောင်း သိရသည်။

KAF ဖွဲ့လိုက်ပြီ ဆိုပြီးအင်တာနက်မှာ ပြန့်နေတာပဲ။ ပြီးတော့ သူလည်း မဟုတ် ကိုယ်လည်း မဟုတ်နဲ့။ လက်ရှိ DKBA တစ်ခုတည်း ကပဲ ဒါကို လက်ခံ ထားတယ်။ ဒီကနေ့ အထိ DKBA ကော်သူလေး တပ်မတော်ပဲ ရှိသေးတယ်။ ကရင် လက်နက်ကိုင် အဖွဲ့ အစည်း အားလုံး ပါဝင်တဲ့ အစည်း အဝေး၊ ညီလာခံ တစ်ခုရှိမှ ဒီ KAF ကို ဖွဲ့စည်း ဖြစ်မှာ ဟု DKBA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက ပြောသည်။ ကော်သူလေး တပ်မတော် (KAF) အား တစ်ခု တည်းသော ကရင် လက်နက်ကိုင် အဖွဲ့အစည်း၊ တစ်ခုတည်းသော အလံတော် အောက်တွင် တညီတညွှတ် တည်းဖြင့် ကရင် လူမျိုးများ၏ အကျိုးစီးပွားအား ဆောင်ရွက်ပေး နိုင်ရန် အတွက် DKBA မှ လက်ခံခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

KAF နဲ့ပတ်သက်ပြီး ရာထူး ပိုင်ဆိုင်ခွင့် ခွဲခြားမှုတွေ မရှိသေးပါဘူး။ KAF ဦးဆောင် ဦးရွက် ပြုဖို့ အတွက် ကိုလည်း ဘာ အစည်းအဝေးမှ မလုပ်ရ သေးဘူး ဟု ဗိုလ်ချုပ် စောမိုရှေးက ဆက်ပြောသည်။ ကော်သူလေး တပ်မတော်အား ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း KNDO၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA၊ ကရင် အမျိုးသား အစည်းအရုံး၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNU ၊ KNLA (ငြိမ်းချမ်းရေး ကောင်စီ)တို့ ပူးပေါင်း ဖွဲ့စည်း ခဲ့ကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ထုတ်ပြန် ကြေညာ ထားသည်။ သို့သော် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ယင်းကိစ္စကို မူအားဖြင့်သာ သဘောတူပြီး (၁၆) ကြိမ်မြောက် ဗဟို ကော်မတီ အစည်းအဝေး ကျင်းပပြီးမှသာ ဆုံးဖြတ်မည်ဟု  ပြန်လည် ထုတ်ပြန် ထားသည်။

Messenger News Journal 

No comments:

Post a Comment