Tuesday 20 January 2015

စိုက်ပျိုးရေး ကဏ္ဍ အတွက် ကန်ဒေါ်လာ (၃) သန်း ရင်းနှီး မြှုပ်နှံမည်

မြန်မာ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ အတွက် ရင်းနှီးငွေ အမေရိကန် ဒေါ်လာ သုံးသန်း မတည်၍ လယ်ယာ စီးပွား ၀န်ဆောင်မှု လုပ်ငန်း များအား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းထံမှ သတင်း ရရှိသည်။ ထိုကဲ့သို့ လယ်ယာ စီးပွား ၀န်ဆောင်မှု လုပ်ငန်း၏ ရှေ့ပြေး စီမံချက် အနေဖြင့် နေပြည်တော် ကောင်စီ နယ်မြေ အတွင်း၌ နွေစပါး စိုက်ပျိုးရာသီမှ စတင်၍ ၀န်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။

ကျွန်တော်တို့ အနေနဲ့က ပုဂ္ဂလိက လုပ်ငန်း အနေနဲ့ လုပ်ဆောင် ရတာ ဖြစ်တဲ့ အတွက် အကန့်အသတ်နဲ့ပဲ လုပ်နိုင်မှာပါ။ သို့သော်လည်း ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ တောင်သူတွေရဲ့ စိုက်ပျိုးရေးသုံး စက်ပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ နည်းပညာ ဆိုင်ရာ အသိပညာ ပေးမှုကို ပါတတ် နိုင်သမျှ တစ်ပါတည်း ဆောင်ရွက်မှာပါ ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောသည်။

ထို့ပြင် ၀န်ဆောင်မှုပေးမည့် အစီအစဉ်၌ လယ်ထွန်စက်များ ငှားရမ်းခြင်း၊ ရိတ်သိမ်း ချွေလှေ့စက်များ ငှားရမ်းခြင်း အပါအ၀င် ဓာတ်မြေသြဇာနှင့် မျိုးစေ့များကိုပါ ထောက်ပံ့ ပေးမည် ဖြစ်သည်။ စက်များ ငှားရမ်း အသုံးပြုရာတွင် ဒေသပေါက်ဈေးထက် သက်သာမှု ရှိရန် စီစဉ် ထားကြောင်း ၎င်းက ဆက်လက် ပြောသည်။

လက်ရှိ အခြေအနေတွင် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ ဖြိုး တိုးတက်စေရေးနှင့် ပတ်သက်၍ ကမ္ဘာ့ ချေးငွေ ရရှိသည့် အမေရိကန် ဒေါ်လာ သန်း (၁၀၀) ဖြင့် နေပြည်တော် ကောင်စီ နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး တို့တွင် ခြောက်နှစ် စီမံကိန်းဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သတင်း ထုတ်ပြန် ထားသည်။

အထက်ပါ လယ်ယာ စီးပွား ၀န်ဆောင်မှု လုပ်ငန်း အစီအစဉ်၌ မြန်မာ့ လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်းမှ အဓိက ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၀န်ဆောင်မှုစင်တာ (၁၄) ခုအား ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း ဒေသကြီးများနှင့် ရခိုင်၊ မွန်နှင့် ကယားပြည်နယ်တို့တွင် ယခုနှစ် အတွင်း တည်ထောင် သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment