Tuesday 20 January 2015

တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး DKBA လက်မှတ်ရေးထိုးမည်

မကြာမီ ပြုလုပ်မည့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် DKBA အနေဖြင့် လက်မှတ် ရေးထိုး သွားမည် ဖြစ်ကြောင်း ယမန်နေ့ က ကျင်းပ ပြုလုပ်သည့် DKBA တပ်ဖွဲ့ ၏ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ DKBA အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံးအနက် အပစ်အခတ် ရပ်စဲရေးအား အစောဆုံး ပြုလုပ်ခဲ့ပြီး ယခု တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဆောင်ရွက်ရာ တွင်လည်း DKBA အနေဖြင့် ပြဿနာ မရှိကြောင်း DKBA တပ်ဖွဲ့ ၏ ဆက်ဆံရေး အရာရှိ ဗိုလ်မှူးကြီး မောင်လေး က ပြောသည်။

တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ အစိုးရနဲ့ NCCT တို့ ညှိနှိုင်း ဆွေးနွေး ထားတဲ့ အချက် (၁၀၃) ချက် ရှိတယ်။ အဲဒီ အချက်ထဲမှာ တော်တော် များများက သဘော တူညီမှု ရရှိထား ပါပြီ။ အချက် (၈) ချက်လောက်ပဲ ကျန်တယ်။ အဲဒီ (၈) ချက် ကလည်း ဆက်လက် ညှိနှိုင်း သွားရင် အဆင်ပြေ နိုင်တဲ့ အနေအထား ရှိတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အဲဒါကြောင့် အခုလုပ်မယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု လက်မှတ်ကို ထိုးဖို့ ကျွန်တော်တို့ ပြင်ဆင်ထား ပါတယ် ဟု ၎င်းက ပြောသည်။ လက်ရှိတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က တစ်တိုင်း ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်အား ပြည်ထောင်စုနေ့တွင် လက်မှတ် ရေးထိုး ကြရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း (၁၂) ဖွဲ့ နှင့် တွေ့ဆုံစဉ် တိုက်တွန်း ပြောကြား ထားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးတယ် ဆိုတာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွက် အခြေခံ အုတ်မြစ် တစ်ခုပါ။ အဲဒီ အခြေခံ အုတ်မြစ်ကို ပြီးဆုံးအောင် မတည်နိုင်ရင် ဆက်လက် ပြီးတော့ တည်ဆောက်ရ ပါမယ်။ ပြောရရင် ကျွန်တော်တို့က စစ်တိုက် ရတဲ့ အတွက် တပ်မတော် သားပါပဲ။ တိုက်ပွဲ ဖြစ်နေတဲ့ စစ်မြေပြင်မှာ အမှန်တကယ် အလုပ်လုပ်နေတဲ့ သူတွေက ကျွန်တော်တို့ တပ်မတော်သား တွေပါ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေး ကို ကျွန်တော်မြင်တာ ကတော့ တပ်မတော်သားတွေက ပြည်သူတွေထက် လိုလား ပါတယ် ဟု ဗိုလ်မှူးကြီး မောင်လေးက ထပ်လောင်း ပြောဆိုသည်။

အစိုးရသစ် တက်လာခဲ့သည့် နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့ရာ  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း (၁၄) ဖွဲ့ နှင့် အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ သော်လည်း ယခု အချိန်ထိ KIA/ KIO/ TNLA တို့နှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးနိုင် ခြင်း မရှိသေးပေ။

Messenger News Journal 

No comments:

Post a Comment