Wednesday 7 January 2015

အချိန်ပိုခိုင်းမှု အလုပ်ရှင်ကို ချမှတ်သည့်ပြစ်ဒဏ် ကျပ်ငါးရာအစား ကျပ်သိန်း နှစ်ဆယ်ထက်မနည်း ဟုပြင်

မြန်မာနိုင်ငံတွင် အလုပ်သမားများကို ခွင့်ပြုချက်မရှိဘဲ အချိန်ပို ခိုင်းစေလျှင် အလုပ်ရှင်ကို ချမှတ်သည့် ငွေဒဏ်ကျပ် ငါးရာအစား ငွေဒဏ် ကျပ်သိန်းနှစ်ဆယ်ထက် မနည်းဟု ပြင်ဆင်ထားကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

ခွင့်ပြချက်မရှိဘဲ အချိန်ပိုခိုင်းစေသည့် အလုပ်ရှင်များကို ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေအရ ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ကျပ်ငါးရာ ဖြစ်စေကျခံရမည်ဟုသာ ပါရှိသဖြင့် ငွေဒဏ်ကို ကျပ်သိန်း နှစ်ဆယ်ထက်မနည်း ပြင်ဆင်ချက်အပါအဝင် ဥပဒေကိုပြင်ဆင်ချက်များစွာဖြင့် ရှေ့နေချုပ်ရုံးသို့ တင်ပြ ထားပြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ငွေငါးရာဆိုတာ အဓိပ္ပာယ် မရှိတော့ဘူး။ သိန်းနှစ်ဆယ်ထက် မနည်းဆိုတာ ပြင်ထားတယ်” ဟု ဦးဝင်းရှိန် က ပြောဆိုသည်။

ခွင့်ပြုချက်မရှိဘဲ အချိန်ပို ခိုင်းစေမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံပေါင်း ၂၇ ရုံကို ၂၀၁၄ ခုနှစ် အတွင်း တရားစွဲဆိုကာ ငွေဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေး ရေး ဦးစီးဌာနထံမှ သိရှိရသည်။

စက်ရုံ၊ အလုပ်ရုံများအနေနှင့် အများပြည်သူ ရုံးပိတ်ရက်တွင် အလုပ်ခိုင်းစေမည် ဆိုပါက ရက်သတ္တ တစ်ပတ် ကြိုတင်ခွင့်ပြုချက် တောင်းယူရန် လိုအပ်ကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။

“Over Time (အချိန်ပို) ဆင်းဖို့ အလုပ်သမားတွေ ဘက်လည်း လိုလိုလားလား ရှိဖို့လိုတယ်။ အတင်းအဓမ္မ ခိုင်းလို့ မရဘူး။ ဟိုတုန်းကတော့ သတိပေးတယ်။ အခုတော့ တရားစွဲတယ်” ဟု ၎င်းက ပြောဆိုသည်။

အချိန်ပို ခိုင်းစေမှုများနှင့် ပတ်သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဖွင့်လိုက် ထားသည့် Complaint Center ရုံးများနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

ပြစ်ဒဏ်များ တိုးမြှင့် သတ်မှတ်လိုက်သည့်အတွက် အလုပ်ရှင်များ ပိုမိုလေးစား လိုက်နာလာနိုင်သည့် အခြေ အနေ ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စည်းကြပ်မှု အားနည်း နေသဖြင့် အလုပ်သမားများကို တိုက်ရိုက် အကျိုးပြုနိုင်မည် မဟုတ်ကြောင်း တိုင်ရီ ဖိနပ်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်မိုးဝေက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment