Wednesday 7 January 2015

ဂါဇာကမ်းမြောင်ဒေသသို့ ဖီဖာ အထူးကိုယ်စားလှယ်အဖွဲ့ လာရောက်


ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ၏အထူးကိုယ်စားလှယ် အဖွဲ့သည် ဘောလုံးကွင်းများ ပြန်လည် တည် ဆောက်ရေးလုပ်ငန်းစဉ်များတွင် ကူညီထောင်ပံ့မှုများ လုပ်ဆောင်ပေးရန်အတွက် ဂါဇာကမ်းမြောင် ဒေသ သို့ ရောက်ရှိလာခဲ့ကြောင်း AFP က ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသရှိ ဘောလုံးကွင်းများသည် ယမန်နှစ်၌ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ယင်းဘောလုံးကွင်းများကို ပြန်လည် ပြင်ဆင် ဆောက်လုပ်ရာတွင် ဖီဖာဘက်က အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အထူးကိုယ်စားလှယ်အဖွဲ့က ဆိုသည်။

ဂါဇာ ကမ်းမြောင်ဒေသသည် လက်ရှိတွင် ပါလက်စတိုင်း သူပုန်များ၏ ထိန်းချုပ်မှု လက်အောက်သို့ ကျရောက်နေလျက်ရှိကာ ဘောလုံးကွင်း အများအပြားမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများတွင် ဖြစ်ပွားခဲ့သော ဟားမတ်စ် သူပုန်များနှင့် အစ္စရေး စစ်တပ်တို့ အပြန်အလှန် ထိုးစစ်ဆင်ခဲ့ရာတွင် ပျက်စီးခဲ့ရခြင်း ဖြစ်သည်ဟု ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နာဖက်ဇ် အိုကာရှာက ဆိုသည်။

အစ္စရေး စစ်တပ်နှင့် ဟားမတ်သူပုန်များ၏ အပြန်အလှန် ပစ်ခတ်မှုတွင် ဂါဇာဒေသရှိ ဘောလုံးကွင်း ၂၀ ခန့် ပျက်စီးသွားခဲ့ရပြီး မည်သည့် အုပ်ချုပ်မှုအောက်တွင် ရှိနေစေကာမူ ပါလက်စတိုင်းနိုင်ငံ၏ ဘောလုံး အဆင့်အတန်း တိုးတက်မြင့်မား လာစေရေးအတွက် ၎င်းတို့အနေနှင့် မျက်ခြည်မပြတ် စောင့်ကြည့် ကူညီပေးနေမည်သာ ဖြစ်ကြောင်း ဖီဖာ အထူးကိုယ်စားလှယ်အဖွဲ့က ကတိပြု ပြောကြားသွားခဲ့သည်။

ဖီဖာသည် ပါလက်စတိုင်း အမျိုးသားအားကစားကွင်း ပြန်လည်တည်ဆောက် ပြုပြင်ရေးလုပ်ငန်းစဉ် အတွက်လည်း အမေရိကန်ဒေါ်လာ နှစ်သိန်း သီးသန့် ပေးအပ်ထောက်ပံ့ သွားဦးမည်ဖြစ်ကာ အဆိုပါ အားကစားကွင်းကြီးမှာ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင်လည်း ဗုံးဒဏ်ကြောင့် ပျက်စီးမှုများ ပေါ်ပေါက် ခဲ့ဖူးသည်။

ပါလက်စတိုင်းသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခွင့်မရသေးသော်လည်း ဖီဖာအဖွဲ့ဝင် နိုင်ငံအဖြစ် ထည့် သွင်း အသိအမှတ်ပြု ခံထားရပြီဖြစ်ကာ ပါလက်စတိုင်းကို ဖီဖာ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ် ပြုပေးခဲ့ သည်မှာ ၁၉၉၈ ခုနှစ်ကတည်းကပင် ဖြစ်သည်။

ပါလက်စတိုင်းသည် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ကြားကပင် ၂၀၁၅ အာရှဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ကာ အဆိုပါ ခြေစစ်ပွဲအောင်မြင်မှုမှာ ပါလက်စတိုင်း ဘောလုံးလောကအတွက် သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။ ပါလက်စတိုင်းသည် အာရှဖလားပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ခြေစစ်ပွဲ အောင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly  

No comments:

Post a Comment