Wednesday 7 January 2015

အနိမ့်ဆုံး လစာ သတ်မှတ်နိုင်ရေး စစ်တမ်း ဖေဖော်ဝါရီလတွင် တစ်အိမ်တက်ဆင်း ကောက်ခံမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရန်အတွက် ၀င်ငွေစစ်တမ်း ကောက်ယူမှုကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

အနိမ့်ဆုံးလစာသတ်မှတ်ရေး ၀င်ငွေစစ်တမ်း စတင်ကောက်ယူမည့် ရက်သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ဟု သတ်မှတ် ထားပြီး၊ (၁၀) လတာ ကြာမြင့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား ရေးရာနှင့် အလုပ်သမား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က  The Messenger Media  သို့  ပြောသည်။

သန်းခေါင်စာရင်း ကောက်ကွက် အတိုင်း ကောက်သွား မှာပါ။ (၁၀) လလောက် ကြာမယ်လို့ ခန့်မှန်း ထားတယ်။ ပြည်ထောင်စု -၀န်ကြီး ပြောသွားတဲ့ အတိုင်း ဒီနှစ်ထဲမှာ အပြီး သတ်မှတ် သွားမှာပါ ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင်  အလုပ်သမားများ အတွက် အနိမ့်ဆုံး လစာ သတ်မှတ် နိုင်ရေးသည် နိုင်ငံ အတွက် အရေးပါ သောကြောင့် အလုပ်သမား သမဂ္ဂများ၊ အလုပ်ရှင် များနှင့် အလုပ်သမား များမှ ပူးပေါင်း ပါဝင်ရန် လိုအပ်ပြီး၊ အဆိုပါ စစ်တမ်းသည်  ရန်ကုန်မြို့နေ ပြည်သူများနှင့် ကိုက်ညီမှု ရှိမရှိ စောင့်ကြည့် သွားမည် ဖြစ်ကြောင်း အနိမ့်ဆုံး အခကြေးငွေ သတ်မှတ် ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင် အလုပ်သမား ကိုယ်စားလှယ် ဦးနော်အောင်က The Messenger Media  သို့ ပြောသည်။ စစ်တမ်း ကောက်ရင် ပါဝင် ကူညီ ကောက်ခံဖို့ အသင့်ပါပဲ။ စစ်တမ်းရဲ့ ရလဒ်က တကယ့် မှန်ကန်မှု ရှိမရှိ၊ ကိုက်ညီမှု ရှိမရှိ စောင့်ကြည့် မေးခွန်းထုတ် သွားမှာပါ ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်နိုင်ရေး အတွက် စစ်တမ်း ကောက်ယူ ရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ် (၁၀၈) မြို့နယ်ရှိ အိမ်ထောင်စုပေါင်း (၂၂၀၀၀) ကျော်အား တစ်အိမ် တက်ဆင်း ကောက်ယူမည် ဖြစ်သည်။ထို့ပြင် အိမ်ထောင်စု (၅) စု လျှင် တစ်ရက်နှုန်း ကောက်ယူ သွားမည် ဖြစ်ပြီး၊ အိမ်ထောင်စု အတွင်းရှိ လူဦးရေ၊ အနိမ့်ဆုံး ၀င်ငွေ၊ အမြင့်ဆုံး ၀င်ငွေ၊ အလုပ်လုပ် နိုင်သည့် အရွယ်၊ မိသားစု၏ တစ်နေ့တာ ကုန်ကျမှု စရိတ်၊ ကျောင်းနေ အရွယ် ကလေး အမျိုးအစားနှင့် အခြေခံ လူမှု ဘ၀ ကုန်ကျမှု စရိတ် များအား အသေးစိတ် ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment