Wednesday 7 January 2015

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား နမူနာပြသမည်

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ ရိုက်ကူးထားသော ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကား နမူနာကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် ဗိုလ်ချုပ် နှစ်တစ်ရာပြည့် ပွဲတော်တွင် ပြသသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဇော်သက်ထွေးက ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်ရှင် နမူနာအပိုင်းများသည် ဗိုလ်ချုပ်ရုပ်ရှင်တွင် ထည့်သွင်း အသုံးပြုမည့် အပိုင်းများဖြစ်ပြီး အနည်း ဆုံး ၁၀ မိနစ်မှ ၁၇ မိနစ်အထိ ကြာမြင့်မည် ဖြစ်ကြောင်း ဗိုလ်ချုပ် နှစ်တစ်ရာပြည့် ပွဲတော်၊ Youtube နှင့် ပြည်တွင်း ရုပ်သံလိုင်းများမှ ပြသသွားနိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ရှင်းပြသည်။

ဗိုလ်ချုပ်ရုပ်ရှင် အောင်မြင်စွာ ရိုက်ကူးနိုင်ရေးအတွက် အဓိက အခက်အခဲမှာ ရန်ပုံငွေ ပြဿနာဖြစ်ပြီး ယခုကဲ့သို့ ရိုက်ကူးပြီးစီးသော ရုပ်ရှင်အပိုင်းများကို ပြည်သူလူထုကို ပြသခြင်းကြောင့် အလှူရှင်များ ပိုမို လာရောက် လှူဒါန်းမည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သားများက ပြောကြား သည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့တွင် ပြသမည့် ရုပ်ရှင်ဇာတ်ဝင်ခန်း တစ်ခုဖြစ်သော ဗိုလ်ချုပ် ကျဆုံးသွားသော အခန်းကို ဝန်ကြီးများရုံးတွင် ရိုက်ကူးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည်မှာ တစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ဦးသူရ (ခ) ဇာဂနာက ဆိုသည်။

ဗိုလ်ချုပ် ရာပြည့်ပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီလ ၁၁၊ ၁၂၊ ၁၃ ရက်များတွင် ကျင်း ပမည်ဖြစ်ပြီး ဗိုလ်ချုပ် နှစ်တစ်ရာ ပြည့်မြောက်မည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဒါရိုက်တာ မောင်မျိုးမင်း ဦးဆောင်သော နှင်းဆီအငြိမ့်အဖွဲ့က ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ရန်ပုံငွေပွဲကို ကပြ ဖျော်ဖြေမည် ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment