Monday 15 December 2014

မြန်မာနိုင်ငံ၏ လုံခြုံရေး အဝါရောင်အဆင့် သတ်မှတ်

နိုင်ငံတကာတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှု ဖြစ်စဉ်များ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်လာနိုင် သည့် အတွက် တစ်နိုင်ငံလုံး လုံခြုံရေးကို အဝါရောင်အဆင့် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ်စိုးမြိုင်က ပြောကြားသည်။

“ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရ လုံခြုံရေး အခြေအနေက Normal တော့ မဟုတ်ဘူး၊ ဒါကြောင့် အဆင့်ငါးဆင့်ထဲက အဝါရောင်အဆင့် အခုထိ ဆက်ထားတာပါ” ဟု ၎င်းကဆိုသည်။

လုံခြုံရေးကို အဆင့်ခွဲခြား သတ်မှတ်မှုအရ အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်ဟူ၍ ငါးမျိုး ခွဲခြား သတ်မှတ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံအတွင်း လုံခြုံရေးအတွက် နယ်စပ်များတွင် လေကြောင်း၊ ရေကြောင်းမှ ဝင်လာနိုင်သည့် အန္တရာယ် များကို ကြိုတင် ကာကွယ်ထားသော်လည်း အသုံးပြုထားသည့် တပ်ဖွဲ့ဝင် အင်အားစာရင်းကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“ကြောက်စရာရှိလို့ လုပ်တာ မဟုတ်ဘူး၊ ကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေကြောင့်ပါ” ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ဒီဇင်ဘာ ၁၃ ရက်က မီဒီယာများနှင့် တွေ့ဆုံ ပွဲတွင် ပြောဆိုထားသည်။

အဆိုပါ အဝါရောင်အဆင့်ကို ပြီးခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ နိုဝင်ဘာလ ၁ ရက်မှ စတင်၍ နေပြည်တော် အပါအဝင် မြို့ကြီးအချို့တွင် သတ်မှတ်ခဲ့ဖူးကြောင်း ရဲချုပ်စိုးမြိုင်က ထပ်လောင်း ရှင်းပြသည်။

“ဖောက်ခွဲဖျက်ဆီးမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ကြားတာရှိရင် ပြည်သူလူထု အနေနဲ့ ကျွန်တော်တို့ ရဲတပ် ဖွဲ့ကို သတင်းပေးပို့ပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ထပ်လောင်းဆိုသည်။

မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ အချို့ကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲသွားမည် ဖြစ်ကြောင်း အယ်ကေဒါ အဖွဲ့က စက်တင်ဘာလ အတွင်းက ကြေညာထားသည်။

ယင်းနောက်ပိုင်းတွင် အရှေ့အလယ်ပိုင်း အခြေစိုက် အကြမ်းဖက်အဖွဲ့များသည် အီရတ်၊ တူရကီ၊ ယီမင် စသည့် နိုင်ငံများတွင် အကြမ်းဖက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

The Voice Weekly 

No comments:

Post a Comment