Monday 15 December 2014

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကုန်စည်ထားရန် နေရာမလုံလောက်၍ ပျောက်ဆုံးမှုများ ဖြစ်ပွားနေ

Photo: ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကုန်စည်ထားရန် နေရာမလုံလောက်၍ ပျောက်ဆုံးမှုများ ဖြစ်ပွားနေ
Monday, December 15, 2014

လေဆိပ်အတွင်း ကုန်စည်ပစ္စည်းများ ထားရှိရန် နေရာလုံလောက်မှု မရှိဘဲ ကုန်စည်ပျောက်ဆုံးမှုများလည်း ဖြစ်ပွားနေ သည်ဟု အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဒေါ်သစ်သစ်အောင် က ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် ကုန်စည် ပို့ဆောင်ရေးကဏ္ဍ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ပြည်ထောင်စုဝန်ကြီးကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အကောက်ခွန် ဦးစီးဌာန၏ ကုန်စည်သိုလှောင်ရုံ အဆောက်အအုံတွင် ကုန်စည်ပစ္စည်းများ ထားရှိရန် နေရာလုံလောက်မှု မရှိဘဲ ပြည် တွင်း၊ ပြည်ပမှ ကုန်စည်ပစ္စည်းများကို အမိုးအကာမရှိသည့် နေရာများ၌ ထားနေရခြင်းဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အကောက်ခွန် ဦးစီးဌာန၏ ကုန်စည်သိုလှောင်ရုံ လမ်းကြောင်း အကြား၌လည်း ကုန်စည်ပစ္စည်း ပျောက်ဆုံးမှုများ လည်း ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဒေါ်သစ်သစ်အောင်က “Cargo (ကုန်စည်)တွေကို ထားစရာနေရာ လုံလောက်မှု မရှိတော့တဲ့အတွက် မိုးရွာထဲ၊ နေပူထဲမှာ ဒီအတိုင်းပဲ ထားနေရတယ်။ ကုန်စည်တွေ ပျောက်ဆုံးမှုမရှိအောင်လည်း လုံခြုံရေး ထားဖို့ လိုအပ်နေပါတယ်။ ပစ္စည်းပျောက် တာတိုင်ရင် အကောက်ခွန်က ကုန်စည်ကို ပေးမထုတ်တော့ဘဲ စစ်ဆေးတာဖြစ်တော့ ပိုင်ရှင်တွေကလည်း အချိန်ကြန့်ကြာမှာဖြစ်လို့ မတိုင်ရဲကြဘူး” ဟု ပြောသည်။

ထို့ပြင် ဆိပ်ကမ်းများတွင် အကောက်ခွန်ဦးစီးဌာနနှင့် တရားမ၀င်ကုန်စည်ပစ်္စည်း တားဆီးထိန်းချုပ်ရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့ Mobile Team ကလည်း ကုန်စည်များ ကို မဲစနစ်ဖြင့် ဖွင့်ဖောက်စစ်ဆေးမှုများ သည် အချိန်ကြန့်ကြာမှုများဖြစ်ပွားစေသည်ဟု လုပ်ငန်းရှင် များက ပြည်ထောင်စု ဝန်ကြီးသို့ တင်ပြသည်။

အကောက်ခွန်ကုန်စည် သိုလှောင်ရုံ၌ ကုန်စည်များထားရန် နေရာမရှိသည့်အတွက် လေကြောင်းလိုင်းများ၌ ကုန်စည်တင်ဆောင်လာခြင်း မပြုရန် တားဆီးညှိနှိုင်းခဲ့ရသည့် ဖြစ်စဉ်အချို့လည်း ဖြစ်ပွားခဲ့ပြီး လေကြောင်း လိုင်းများက ကုန်စည်ပျောက်ဆုံးမှုမရှိရန် ကိုယ်ပိုင်လုံခြုံရေးများ ငှားထားရသည်ဟု လေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောသည်။

ကုန်စည်ပစ္စည်းအချို့တွင် ဆေးဝါးပစ္စည်း ကိရိယာများကဲ့သို့ ဒေါ်လာသန်းချီ တန်ပြီး ထိခိုက်ပျက်စီးရန် လွယ်ကူသည့် ကုန်စည်ပစ္စည်းများ ပါဝင်သည့်အတွက် ကုန်စည်ထားရှိရန် နေရာမလုံလောက်သည့် အခက်အခဲ ကို လာမည့်မိုးရာသီမတိုင်မီတွင် ဖြေရှင်းရန် လိုအပ်နေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

အကောက်ခွန်ဦးစီးဌာန၏ ကုန်စည် သိုလှောင်ရုံ (Custom Warehouse) ကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရထံ တင်ပြထားပြီး ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment