Monday 15 December 2014

ငှက်အုပ်ဝင်တိုက်မိခြင်းကြောင့် Air KBZ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ ဆောင်းခိုငှက်များ အုပ်စုဖွဲ့ပျံသန်းသောကာလဖြစ်ပြီး လေယာဉ်ရေဒါတွင် ငှက်မပေါ်၍ မကြာခဏတိုက်မိလေ့ရှိသည်

Air KBZလေကြောင်းမှ လေယာဉ်တစ်စီးသည် ဒီဇင်ဘာ ၁၄ ရက် နေ့လယ်တွင် ငှက်အုပ် နှင့် ၀င်တိုက် မိသော ကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပြီး အခြားလေယာဉ် တစ်စီးဖြင့် အစားထိုး ပြေးဆွဲခဲ့ရကြောင်း သတင်းရရှိသည်။

ရန်ကုန်−ဟဲဟိုး−ကျိုင်းတုံ သို့ပျံသန်းမည့် ခရီးသည် ၃၀ ဦးပါ အဆိုပါ လေယာဉ်သည် ပြေးလမ်းပေါ်မှ ဝေဟင်သို့ ပျံတက်စဉ် မျက်နှာချင်းဆိုင် ပျံသန်းလာ သောငှက်အုပ်နှင့် ၀င်တိုက်မိခြင်းဖြစ်သည်။ ငှက် အုပ်မှာ ခြောက်ကောင်ခန့်ရှိပြီး လေယာဉ်ဦးထိပ်ပိုင်းနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း Air KBZ မှ စီးပွားရေး အရာရှိချုပ်ဦးမြတ်သူကပြောသည်။

ထို့ကြောင့် ယခုငါးရက်အတွင်း လုပ်ငန်းရှင်ပိုင် လေယာဉ်များပျံ သန်းစဉ် ငှက်နှင့်ဝင်တိုက်မိမှုမှာ နှစ်ကြိမ် ရှိပြီဖြစ်သည်။ ဒီဇင်ဘာ ၁၀ ရက်ကလည်း MAI လေကြောင်းမှ လေယာဉ်တစ်စီးသည် ပေလေးထောင် အမြင့်၌ပျံသန်းနေစဉ် ငှက်တစ်ကောင်နှင့်တိုက်မိပြီး လေယာဉ်ထိပ်ပိုင်း၌တစ်ပေခန့် ပေါက်ပြဲသွားခဲ့သည်။

ယခုရာသီမှာ ဆောင်းခိုငှက် များအုပ်စုဖွဲ့ပျံသန်းတတ်သည့် ကာလဖြစ်ပြီး ရေဒါတွင်ငှက်များ မပေါ်ခြင်း ကြောင့် လေယာဉ်များ နှင့် တိုက်မိလေ့ရှိကြောင်း ပြည် တွင်းလေကြောင်းဦးစီးဌာနတာဝန် ရှိသူတစ်ဦးက ပြောသည်။

‘‘ရန်ကုန်လေဆိပ်မှာ လေ ယာဉ်နဲ့ ငှက်တိုက်မိတာ ငါးခါ ထက်မနည်းရှိတယ်။ ဦးပိုင်းကို တိုက်တာတော့ နည်းတယ်။ အများစုက လေယာဉ် အတက်အ ဆင်းမှာဖြစ်တာ’’ ဟု ပြည်တွင်း လေကြောင်းဦးစီးမှ ညွှန်ကြားရေး မှူးဦးမျိုးသန့်ကပြောသည်။

ငှက်များမှာ ရေဒါပေါ်တွင်ပေါ်ရန် အလွန်သေးငယ်နေပြီး ပြေးလမ်းပေါ်တွင် အုပ်စုဖွဲ့ပျံသန်းစဉ် တိုက်မိ လေ့ရှိသည်ဟု ၎င်းက ပြောသည်။ KBZ လေကြောင်းမှ လေယာဉ်နှင့် တိုက်မိခဲ့သောငှက်များမှာ ကိုယ်တိုင် မမြင်လိုက်သော ကြောင့် ဆောင်းခိုငှက်ဟုအတိအ ကျမပြောနိုင်သော်လည်း ယခုကာလတွင် ဆောင်းခို ငှက်များ ပျံသန်းလေ့ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အောက်တိုဘာမှ ဖေဖော်ဝါရီအထိ ဆောင်းခိုငှက်များ ပျံသန်းလေ့ရှိကြောင်း မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များအသင်းမှ ဦးသန့်ဇင်အောင်က ပြောသည်။ ICAO(International Civil Aviation Organization) ၏ ထုတ်ပြန်ချက်အရ ငှက်များနှင့် လေယာဉ် တိုက်မိမှု၏ ၉၀ရာခိုင်နှုန်းမှာ လေယာဉ်အတက်အဆင်းများတွင် တိုက်မိခြင်းဖြစ်ပြီး လေယာဉ်၏ အရှိန်နှင့် ပြင်းအားအ ပေါ်မူတည်သည်ဟု သိရသည်။

7Day DAILY 

No comments:

Post a Comment