Wednesday 19 November 2014

အမျိုးသားပြန်လည်သင့်မြတ်ရေး နောက်ပြန်လှည့်သွားပြီလား၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုများအား ၂၀၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာ သည့် အဖြေပေါ်မူတည်ကာ ဆောင်ရွက်ရမည်ဟု သူရဦးရွှေမန်း ပြောကြား



နိုဝင်ဘာ ၁၈ ရက်ကပြုလုပ်သော မီဒီယာတွေ့ဆုံရှင်းလင်းပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ၂၀၁၅ ရွေးကောက်ပွဲအား ပြုလုပ်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများအား ၂၀၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေပေါ်မူတည်ကာ ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။



နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သတင်းထောက်တစ်ဦးက မေးမြန်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အချိန်ဇယားနှင့် ပတ် သက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ သုံးသပ် ဆောင်ရွက်ဆွေးနွေး လုပ်ဆောင်တဲ့ကိစ္စဟာ အင်မတန်မှ လေးနက်ပါတယ်။ အင်မတန်လည်း အခက်အခဲ များပါတယ်။ ဒီနေ့တော့ ဒီတာဝန်ကြီးဟာ မိမိဥက္ကဋ္ဌအပေါ် ကျရောက်နေတာပေါ့လေ။ ဥက္ကဋ္ဌဆိုတဲ့ နေရာမှာ နှစ်ခုစလုံး ပြောလို့ရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌအပေါ်မှာရော၊ ပါတီပေါ်မှာလည်း ကျရောက်နေ တာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌအပေါ် ကျရောက်တာတော့ ရှင်းပါတယ်။ ဒီနေ့ မိမိဟာ လွှတ်တော် ဥက္ကဋ္ဌ လွှတ်တော်နာယက ဖြစ်တဲ့အတွက် ဒီလောက်ကြီးမားတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ တော်တော်ကို ရုန်းကန်ရမှာဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌအနေနဲ့ ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့ စတင်ပေါ်ပေါက်ဖို့ကိစ္စက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်လာမယ့် အသင်းအပေါ်မှာ အခြေတည်ပါတယ်။ အဲဒီလို တည်တဲ့နေရာမှာလည်း အသင်းအပေါ်ကို တချို့ အမျိုးမျိုးဝေဖန်တာတွေ ရှိပါတယ်။ ဝေဖန်ပါစေ။ ဒါပေမဲ့လို့ အဲဒီတုန်းက အသင်းကဘာလဲ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းဖို့ဆိုရင်တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာပြီးနောက်ပိုင်း ရှေ့ဆက်သွားဖို့ ခရီးကတော့ ဒီနေ့ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်စရာတွေကို ပြင်မယ်။ ထားစရာရှိရင် ထားမယ်။ ဒါမှ ရှေ့ဆက်သွားလို့ရမယ် ဆိုတဲ့ဟာလည်း ပါတီအပေါ်မှာ တာဝန်ကျတယ်လို့ ထင်တယ်။ ဒါကြောင့် ဒီတာဝန်ကြီးနှစ်ခုကို မိမိပဲ တာဝန်ယူဆောင်ရွက်တဲ့နေရာမှာ အခုနမေးတဲ့ မေးခွန်းက ဆွေးနွေးမယ့်ရက်က ၂၁ မဟုတ်ပါဘူး။ ၂၅ ရက်မှာ အပြီးဆောင်ရွက်မှာပါ။ နိုဝင်ဘာ ၂၅ ရက်မှာ အပြီးဆောင်ရွက်မှာပါ။ ထွက်ပေါ်လာမယ့် ပြည်ထောင်စုလွှတ်တော်က တင်သွင်း လာမယ့် ဥပဒေကြမ်းများကို နောက်တစ်ပတ် လွှတ်တော်အစည်းအဝေးတွေမှာ ဆုံးဖြတ်အတည်ပြုမယ်။ အဲဒီက ထွက်ပေါ်လာမယ့် ဥပဒေကြမ်းတွေကို တချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရမယ်။ အဲဒါကို လာ မယ့် ၂၀၁၅ မေလအတွင်းမှာ ဆောင်ရွက်မယ်။ အဲဒီကထွက်ပေါ်လာတဲ့ဟာကို ၂၀၁၅ ရွေးချယ် တင်မြှောက်ပွဲပြီးလို့ ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်ကျင်းပတဲ့ အခါကျမှ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ ပြဋ္ဌာန်းချက်တွေကို အတည်ပြုဆောင်ရွက်မှာ။ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးပြီးချင်း အခုနကပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေကို ဆောင်ရွက်လို့မရဘူး။ ရွေးကောက်ပွဲပြီး ထွက်ပေါ်လာတဲ့ အဖြေပေါ်မူတည်ပြီးမှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအချိန်ရောက်လာအောင် အထူးဝီရိယထားပြီးတော့ ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီလို ဖြစ်ပေါ်အောင်လည်း အားလုံးဝိုင်းပြီးတော့ အကူအညီပေးကြပါ။ ပြည်သူ့ဆန္ဒခံယူပွဲလုပ်တဲ့ ကိစ္စကလည်း အင်မတန်ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စနစ်တကျ ပြီးမြောက်သွားအောင် ဥပဒေများ ပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

ထို့နောက် သတင်းထောက်က ဆက်လက်မေးမြန်းရာတွင် “ဥက္ကဋ္ဌကြီးရှင့် မရှင်းလို့ပါ။ ဒါဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေပေါ့နော်။ ဥပဒေက ၂၀၁၅ ရွေးကောက်ပွဲပြီးမှပဲ ဖြစ်လာမယ့် သဘောလားရှင့်။ အဲဒီတော့မှ အတည်ပြုမယ့် သဘောလားရှင့်” ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသက်တမ်းမှာ ကြားပေါက် အခုနက ပြင်လိုက်တဲ့ဟာကို ဆောင်ရွက်မယ်ဆိုရင် ဒီကနေ့ ခင်းကျင်းထားတဲ့ အုပ်ချုပ်ရေး ဆိုင်ရာ အခင်းအကျင်း၊ ကျန်တဲ့အခင်းအကျင်းတွေဟာ အကုန်ပြောင်းလဲသွားဖို့ဆိုရင် ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ ဒါကြောင့်မို့လို့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်။ ထွက်ပေါ်လာတဲ့အတိုင်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အတူပဲ လွှတ်တော်သက်တမ်း စတဲ့နောက်ပိုင်းမှာ ခုနက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မယ့် ပြင်ဆင်ချက်တွေအပေါ် မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ သတင်းထောက်က ထပ်ဆင့်မေးခွန်း မေးမြန်းရာတွင် “ဥက္ကဋ္ဌကြီးရှင့်၊ ဆက်စပ်မေးခွန်း မေးခွင့်ပြုပါ။ တချို့ပါတီတွေကလေ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ့် အချက်တွေအပေါ်မှာ မူတည်ပြီးတော့ပေါ့နော် ၂၀၁၅ ကို ၀င်သင့်မ၀င်သင့် စဉ်းစားနေတဲ့ ပါတီတွေ ရှိပါတယ်ရှင့်။ ၂၀၁၅ ရွေးကောက်ပွဲကိုပေါ့။ အဲဒီတော့ ဒီပါတီတွေအတွက်က ဘယ်လိုများဖြစ်သွားမလဲရှင့်” ဟု မေးမြန်းရာတွင် သူရဦးရွှေမန်းက “ဒီပါတီတွေက သူ့သဘောသူဆောင်ပါတယ်။ သူဝင်ချင်ဝင်မယ်ပေါ့။ မ၀င်ချင်မ၀င်ဘူးပေါ့” ဟု ပြန်လည်ဖြေကြားသည်။

သတင်းထောက်၏ နောက်ဆုံးမေးခွန်းဖြစ်သည့် “အဲဒါဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကတော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ဆက်သွားမယ့်သဘောပေါ့နော်” ဆိုသည့်မေးခွန်းအား သူရဦးရွှေမန်းက “ရှင်းပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲက ဒီနေ့ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားတဲ့ ဥပဒေတွေ ပြီးတဲ့အခါမှာ ဆိုင်ရာဆိုင်ရာ ဥပဒေတွေနဲ့ပဲ သွားရမယ်။ အဲဒီ လုပ်ထားတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်မယ် ဆိုရင် အဲဒီပြင်နိုင်မယ့် ဥပဒေတွေက ၂၀၁၅ အလွန် လွှတ်တော်ဖွဲ့စည်းပြီး အစိုးရသစ်က ဒီအတိုင်းဆက် ဆောင်ရွက် သွားမယ်” ဟု ပြန်လည်ဖြေကြားသည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အပြင်းအထန် ဆွေးနွေး နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်အား မေးမြန်းရာတွင် လတ်တလော ပြောကြားရန်မရှိကြောင်း ပြောကြားသည်။

သူရဦးရွှေမန်း ပြောကြားချက်များနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ၂၀၁၅ ခုနှစ်မေလ၌ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်ဖြစ်ပြီး လူထုက ဖွဲ့စည်းပုံပြင်ဆင်ရန် ထောက်ခံပါက ဖွဲ့စည်းပုံပြင်ဆင်ရေး အတည်ပြုရန်သာ လိုအပ်တော့ကြောင်း၊ ၎င်း လူထု ဆန္ဒခံယူပွဲပြီးနောက် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်၌အတည်ပြုရန်လိုဟု ပြောကြားသည်။

“အခု သူတို့တစ်မျိုးပြောလိုက်တာဟာ နိုင်ငံရေးကစားကွက်လုပ်ပြီးတော့ လူထုကိုပဲ တမင်အုံကြွအောင် လုပ်နေသလားဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။ အဲဒါကြောင့် သူရဦးရွှေမန်းရော၊ ဦးသိန်းစိန်ရော စကားတစ်လုံး၊ သူတို့ရဲ့ တာဝန်ဝတ္တရားကိုလည်း အရည်အချင်းရှိရှိနဲ့ ငါးနှစ်သက်တမ်းမှာ ဘာတွေလုပ်နိုင်သလဲဆိုတာ မှတ်ကျောက်တင်နိုင်အောင် လုပ်စေချင်တယ်။ သူတို့ စကားကိုလည်း တာဝန်ယူစေချင်တယ်။ နောက်တစ်ခုက တိုင်းပြည်ကို အမှန်တကယ်ချစ်တယ်၊ ပြည်သူလူထုကို အမှန်တကယ် ချစ်တယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကိုပြင်ရမယ်ဆိုတာက ကလေးကအစ သိနေတဲ့အချိန်မှာ ၂၀၁၅ အလွန်မှ ပြင်မယ်ဆိုတာကတော့ သူတို့ ၂၀၁၅ ကနေ ၂၀၂၀ ထိကတော့ သူတို့ကစားဦးမယ်ဆိုတဲ့ သူတို့လက်ထဲမှာ အမျိုးမျိုးလှည့်ဦးမယ်ဆိုတဲ့ သဘောကို ရည်ရွယ်နေတယ်လို့ပဲ ယူဆပါတယ်” ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာ သုံးသပ်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရဦးအေးမြင့် က ၂၀-၃-၂၀၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုး ပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၃၁-၁-၂၀၁၄ တွင် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ အဆိုပါကော်မတီ၏ တာဝန်များကို ပြည်ထောင်စု လွှတ်တော်နာယကက သတ်မှတ်ပေးရာတွင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ပြီးဖြစ်ရမည်ဟု ပါဝင်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပေးမည်ဆိုသည့်ကတိကို တည်မတည် စောင့်ကြည့်ပါဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင် ပြောကြားသည်။

နေပြည်တော်လွှတ်တော် အဆောက်အအုံတွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယက၏ သတင်းစာ ရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အခု သူတို့တစ်မျိုးပြောလိုက်တာဟာ နိုင်ငံရေးကစားကွက်လုပ်ပြီးတော့ လူထုကိုပဲ တမင်အုံကြွအောင် လုပ်နေ သလားဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။ အဲဒါကြောင့် သူရဦးရွှေမန်းရော၊ ဦးသိန်းစိန်ရော စကားတစ်လုံး၊ သူတို့ရဲ့ တာဝန်ဝတ္တရားကိုလည်း အရည်အချင်းရှိရှိနဲ့ ငါးနှစ်သက်တမ်းမှာ ဘာတွေလုပ်နိုင်သလဲဆိုတာ မှတ်ကျောက်တင်နိုင်အောင် လုပ်စေချင်တယ်။ သူတို့ စကားကိုလည်း တာဝန်ယူစေချင်တယ်။ နောက်တစ်ခုက တိုင်းပြည်ကို အမှန်တကယ်ချစ်တယ်၊ ပြည်သူလူထုကို အမှန်တကယ် ချစ်တယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကိုပြင်ရမယ်ဆိုတာက ကလေးကအစ သိနေတဲ့အချိန်မှာ ၂၀၁၅ အလွန်မှ ပြင်မယ်ဆိုတာကတော့ သူတို့ ၂၀၁၅ ကနေ ၂၀၂၀ ထိကတော့ သူတို့ကစားဦးမယ်ဆိုတဲ့ သူတို့လက်ထဲမှာ အမျိုးမျိုးလှည့်ဦးမယ်ဆိုတဲ့ သဘောကို ရည်ရွယ်နေ . . . . .
“၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အားလုံးပြီး မြောက်အောင် ဆောင်ရွက်နိုင်မယ်လို့ မိမိတို့ ယုံကြည်ပါတယ်။ ကြိုးစားလည်း ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လို့ ဟုတ်ခြင်းမဟုတ်ခြင်းဆိုတာတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါ။ မိမိတို့ရဲ့ ပေးထားတဲ့ ကတိကို ကတိအတိုင်းဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျင်းပဆဲ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်အခြေခံဥပဒေပြင်ဆင်ခြင်း၊ မြန်မာနိုင်ငံနှင့် သင့်တော်မှုရှိသည့် ရွေးကောက်ပွဲစနစ်များ လေ့လာခြင်း အစရှိသော အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးမည့်အစီအစဉ်များ ရှိကြောင်း၊ ယင်းကိစ္စရပ်များကို တင်ပြနိုင်ရန် လွှတ်တော်အထူးကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲမကျင်းပမီ ခြောက်လအလို ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၂၀၁၄ ခုနှစ် အောက်တိုဘာ ၇ ရက်က အီတလီနိုင်ငံ ရောမမြို့ လွှတ်တော်အဆောက်အအုံတွင် ကျင်းပသည့် ရှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်ဆိုင်ရာ မိတ်ဖက်အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မစုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအ၀င် ပုဒ်မပေါင်း ၂၁၀ ကို ပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၂၂ ရက်တွင် အစီရင်ခံ တင်ပြခဲ့သည်။

အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ရန် NLD ပါတီမှ အကြံပြုခဲ့ သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အခြေအနေ အချိန်အခါအရ စဉ်းစားဆောင်ရွက် သင့်သည့် ပုဒ်မဖြစ်သည်ဟု အကြံပြုခဲ့သည်။ ထို့ပြင် ပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ) အားလည်း ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ အား မပြင်ဆင်လိုကြောင်း အစီရင် ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ အစီရင်ခံစာအပေါ် နိုဝင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ အပြီး ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။

ဒုတိယအကြိမ်သက်တမ်း လွှတ်တော်များခေါ်ယူနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန်မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် သက်တမ်းသည် ငါးနှစ်သာရှိကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် တွင် ကျင်းပခဲ့သဖြင့် ပြည်သူ့လွှတ်တော် ပထမသက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဒုတိယသက်တမ်းကို ခေါ်ပေးရမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတရုံ၊ လွတ်လပ်ရုံသာမက ခန့်မှန်းထားသည့် အချိန်အတိုင်း လုပ်ရမည်ဟု နေပြည်တော် ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၀ ရက်က သတင်းထောက်များအား ပြောကြားသည်။

“၂၀၁၅ အလွန် နောက်ပိုင်းမှာ ဖွဲ့စည်းပုံပြင်မယ်ဆိုပါစို့။ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေဦးမလား။ အဲဒါမေးချင်တယ်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ပြီးတော့ တပ်မတော်ရဲ့ ပြည်ထောင်စု တစ်ခုလုံးအပေါ်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ ပြုပြင်ပြောင်းလဲချင်စိတ် ရှိမယ်ဆိုရင် ဒီနေ့လည်း ဖြစ်ပါတယ်။ တကယ်လို့ အဲဒီစိတ် မရှိဘူးဆိုရင်တော့ ၂၀၁၅ အလွန်မှာလည်း တပ်မတော်က မထောက်ခံ သရွေ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်သူပဲပြောပြော အရာထင်မယ်လို့ မထင်ဘူး။ တပ်မတော် ရဲ့ သဘောထားကြောင့်လို့ ထင်တယ်။ ...တစ်ခုတော့ရှိတယ်။ ပုဒ်မ ၄၃၆ နဲ့ တိုက်ရိုက်မချိတ်ဆက်တဲ့ ဥပဒေတော်တော်များများတော့ ပြင်လိမ့်မယ်ထင်တယ်။ ဆက်ပြီးတော့ ဆွေးနွေးပြုပြင်လိမ့်မယ်။ ပုဒ်မ ၄၃၆ နဲ့ ဆက်စပ်ဥပဒေကတော့ ၂၀၁၅ ခုနှစ်ထိ ဘာမှပြင်နိုင်မယ်လို့ မျှော်လင့်ချက်လုံးဝ မရှိတော့ဘူး” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့ လွှတ်တော်ကိုယ်တိုင်က ပြောတယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း ပြောပါတယ်။ လွှတ်တော်နာယကကြီးဖြစ်တဲ့ သူရဦးရွှေမန်းလည်း ပြောဖူးပါတယ်။ အခုကျတော့ အာဆီယံထိပ်သီး ညီလာခံကြီးလည်း ပြီးသွားပြီပေါ့ဗျာ။ နိုင်ငံတကာ မျက်နှာပြစရာလည်း ပြီးသွားပြီ ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ သဘောထားကို ထည့်မတွက်တဲ့သဘောမျိုး ဖြစ်သွားတယ်။ လောလောဆယ် ပြည်ခိုင်ဖြိုးက အာဏာရပါတီဖြစ်နေတယ်။ ပြည်ခိုင်ဖြိုးအစိုးရဖြစ်နေတယ်။ ပြည်ခိုင်ဖြိုးက လုပ်သမျှကို ပြည်သူတွေခံနေရတဲ့သဘောမျိုး ဖြစ်နေတယ်။ အဲဒါ ဖြစ်သင့်မဖြစ်သင့် အတိုက်အခံ ပါတီတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ အကုန်လုံးက စဉ်းစားရတော့မှာပေါ့။ အဲဒါဆိုရင် တိုင်းပြည်အခြေ အနေ ဘယ်လိုဖြစ်လာမလဲ။ ကျွန်တော်တို့ကတော့ အေးအေးငြိမ်းငြိမ်းနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ပြီး သွားစေချင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးကို သွားစေ ချင်တယ်။ လွှတ်တော်ထဲကနေ ပြင်လို့မရတဲ့အဆုံး လွှတ်တော်ပြင်ပကနေပြင်ဖို့ စဉ်းစားရမယ့်သဘောပဲ ရှိတော့တယ်လို့ ပြောချင်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment