Wednesday 19 November 2014

တပ်မတော်သား ကိုယ်စားလှယ်များ လစာခံစားခွင့် ကျပ် ၁၆ သိန်းအထိရရှိရန် လွှတ်တော်အတည်ပြု

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို လစာခံစားခွင့် အနည်းဆုံး ကျပ်၁၀ သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းအထိရရှိရန် ဥပဒေကြမ်းတွင် ထည့်သွင်းအတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောကြားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့် ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်၊ ဥပဒေကြမ်းတွင် ယင်းကိစ္စကို ထည့်သွင်းကာ ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် ဥပဒေနှင့်အညီ ကာကွယ်ရေး ဦးစီးချုပ်၏ အမည်စာရင်း ပေးပို့ မှုကြောင့် ဥပဒေပြုရေးသို့ ရောက်ရှိလာပြီး လွှတ်တော်လုပ်ငန်းဆိုင်ရာများကို ပြုလုပ်နေရသောကြောင့် ယင်းကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီက ဆိုထားသည်။

ယခင်ဥပဒေအရ ရွေးကောက်ခံ ကိုယ်စားလှယ်များနည်းတူ လစာကျပ်သုံးသိန်းသာခံစားခွင့်ရှိပြီး လက်ရှိ ပြဋ္ဌာန်းသောဥပဒေတွင် ယင်းကိုယ်စားလှယ်များနည်းတူ ခံစားခွင့်ရရှိရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဥပဒေ ကြမ်းကော်မတီဝင်တစ်ဦးက ပြောကြားသည်။

လက်ရှိ အချိန်အထိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် ကာကွယ်ရေးဦးစီးချုပ်၏ လမ်း ညွှန်ချက်အတိုင်း တပ်မတော်လစာကို ရာထူးအဆင့်ဆင့်ကိုခံစားနေပြီး ယင်းဥပဒေကို သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါကလည်း ဥပဒေနှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုကို လိုက်နာရမည်ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်သမ္မတက အတည်ပြုပြီးပါက နည်းဥပဒေ ရေးဆွဲရန် ပြည်ထောင်စု အစိုးရသို့ ပေးပို့သွားရမည်ဖြစ်ပြီး အစိုးရ၏နည်းဥပဒေ တင်ပြချက်များအရ ကိုယ်စားလှယ်များ၏ရပိုင်ခွင့်ကိုယူမှသာ လုပ်ထုံးလုပ်နည်း မှန်ကန်မည်ဖြစ်ကြောင်း ဥပဒေကြမ်း ကော် မတီဝင် တစ်ဦးကဆိုသည်။

The Voice Weekly

No comments:

Post a Comment