Wednesday 19 November 2014

ချည်ထည်ဆိုးဆေးစွန့်ပစ်ရေများ မသန့်စင်ဘဲ စွန့်ပစ်ပါက အရေးယူမည်

ချည်ထည်ဆိုးဆေးစွန့် ပစ်ရေများအား သန့်စင်ခြင်းမရှိဘဲ စွန့်ပစ်သည့်လုပ်ငန်းရှင်များအား လာမည့် ဒီဇင်ဘာမှ စတင်၍ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချည်ထည်ဆိုးဆေးလုပ်ငန်းများ အများဆုံးလုပ်ကိုင်နေကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၀မ်းတွင်း နှင့် သဲတောဒေသများမှ ဆိုးဆေးလုပ်ငန်းရှင်များ အား ၎င်းတို့၏ စွန့်ပစ်ရေများကို ကြည်လင်မှုရှိသည့် အနေအထား ဖြစ်မှ ပတ်ဝန်းကျင်သို့ စွန့်ပစ်ရန် ပြီးခဲ့သည့် မေလအတွင်း နည်း ပညာဖြန့်ဝေထားပြီး သုံးလအတွင်း သန့်စင်မှုနည်းပညာများ တပ်ဆင်အသုံးပြုကြရန်ညွှန်ကြားခဲ့သည်။ သို့သော် သုံးလ ပြည့် သည့် အချိန်တွင်လည်း လုပ်ငန်းရှင်များအားလုံးသန့်စင်နည်းများ အသုံးပြုမှု မရှိသေးသည့်အတွက် လာမည့် ဒီဇင်ဘာလအတွင်း ထပ်မံကွင်းဆင်းစစ်ဆေးကာ အသုံးမပြုသေးသူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေဖြင့် ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးဝဏ္ဏ၀င်းကပြောသည်။

‘‘စွန့်ပစ်ရေတွေကို ရေလိုမ ဟုတ်ရင်တောင် ကြည်လင်ပြီး အနံ့ပျောက်ပြီးမှ စွန့်ထုတ်ကြဖို့ အဓိကလုပ်တာ။ လိုက်နာမှုမရှိ ရင်တော့ ဥပဒေတွေအရပဲ သွားရမှာပေါ့။ စည်ပင်ဆိုလည်း စည်ပင်ဥပဒေ၊ ထွေအုပ်ဆိုလည်း ထွေအုပ်ဥပဒေတွေအရပေါ့’’ဟု ဦးဝဏ္ဏ၀င်းကပြောသည်။

ချည်ဆိုးဆေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေများအား သန်စင်ရမည့်နည်းလမ်းသုံး ခုကို ဦးစီးဌာနက လိုက်လံပြသထားပြီး မိမိတို့ နှစ်သက်ရာနည်း လမ်းများဖြင့် လုပ်နိုင်ရန်အခွင့် ပေးထား ကြောင်း၊ ယင်းနည်းလမ်း သုံးခုမဟုတ်ဘဲ မြန်မာနည်းပညာ  များဖြစ်သော သဲကန်များ၊ကျောက်မီးသွေး ကန်များထားရှိ၍ သန့်စင်နည်းများကိုလည်း အသုံးပြုနိုင်ရန် ခွင့်ပြုထားကြောင်းသိရသည်။

ဝမ်းတွင်းနှင့် သဲတောဒေသ အတွင်းတွင် ချည်ဆိုးဆေးလုပ် ငန်းများ၊ ရက်ကန်းလုပ်ငန်းများ အဓိက လုပ် ကိုင်ကြပြီး ဆိုးဆေး ဖို စုစုပေါင်း ၂၀၆ဖိုခန့်ရှိကြောင်း၊ ဆိုးဆေးလုပ်ငန်းရှင်များအားလုံး စွန့်ပစ်ရေသန့်စင် နည်းစနစ်များ အသုံးပြုနိုင်ရန် မြို့နယ်စက်ရက်ကန်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် စည်ပင်သာ ယာမှ တာဝန်ရှိသူများ၊ ထွေအုပ် တာဝန်ရှိသူများပါဝင်သည့် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ကို ယခုနှစ်လယ်ပိုင်းတွင် ဖွဲ့စည်းထားကြောင်းယင်းဌာနမှ သတင်းရရှိသည်။

7 Day DAILY

No comments:

Post a Comment