Wednesday 19 November 2014

၂၀၁၅ အလွန် နိုင်ငံတော်သမ္မတဖြစ်ရေး ရည်မှန်းချက်ပြောင်းလဲမည်မဟုတ်ကြောင်း သူရဦးရွှေမန်း ပြောကြား

၂၀၁၅ အလွန် နိုင်ငံတော်သမ္မတဖြစ်ရေး ရည်မှန်းချက်ပြောင်းလဲမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ဒီနေ့လေ့လာကြည့်တဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံ သားများ အကျိုးစီးပွားကို အဖော်ဆောင်ပေးနိုင်ဆုံးသော ပုဂ္ဂိုလ်သည် နိုင်ငံတော်သမ္မတပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ မိမိဟာ နိုင်ငံတော်နဲ့နိုင်ငံသားများ အကျိုးစီးပွားကို ဖော်ဆောင်ပေးလိုတဲ့ဆန္ဒ ပြင်းပြစွာရှိတဲ့ အတွက် မိမိရဲ့ရည်မှန်းချက် ရည်ရွယ်ချက်မပြောင်းပါဘူး။ ဒီအတိုင်းပဲ ဆက်လက်ကြိုးစား ဆောင်ရွက် သွားပါမယ်။ တစ်ဖန်နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ နေရာဟာ အဲဒီနေရာ မျိုးပဲ ရှိတယ်ဆိုရင်လည်း ရည်ရွယ်ချက်မပြောင်းပါဘူး။ ဒီနေ့တွေ့ရတဲ့ နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ဆုံးနေရာနဲ့ ပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတ ဖြစ်တဲ့အတွက် မိမိနိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားကို ဖော်ဆောင်ပေးလိုတဲ့အတွက် မိမိရဲ့ ရည်မှန်းချက်က အရင်အတိုင်းပဲ ၂၀၁၅ အလွန်မှာ သမ္မတဖြစ်ရေးအတွက် မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

သူရဦးရွှေမန်းက ၎င်းအနေဖြင့် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့မည်ဆိုပါက ပြည်သူများ၏ ဘ၀လုံခြုံရေး၊ စားဝတ်နေရေး အဆင်ပြေစေရေး၊ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် ရင်ပေါင်တန်းနိုင်စေရေး ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ၂၀၁၅ တွင် လက်ရှိသမ္မတကြီးသည် နောက်ထပ်သက်တမ်း ဆက်လုပ်လိုသည်ဆိုပါက မိမိ အနေဖြင့် ကန့်ကွက်စရာမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း သမ္မတဖြစ်ချင်သည်ဟု ပြောခြင်းကို ကြိုဆိုပါကြောင်း၊ အပြိုင်အဆိုင်ရှိမှ တိုးတက်မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment