Thursday 27 November 2014

ရာထူးကြီးသော အမျိုးသမီးများ စိတ်ကျန်းမာရေး ညံ့ဖျင်းနိုင်

အလုပ်တွင် ရာထူးအဆင့်မြင့်မားသည့် အမျိုးသမီးများသည် ရာထူးအဆင့်နိမ့်သော အမျိုးသမီးများထက် စိတ်ကျန်းမာရေးညံ့ဖျင်းမှု အန္တရာယ်ပိုများကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

အမျိုးသားများမှာ လုပ်ပိုင်ခွင့်ပိုရခြင်းနှင့်ပတ်သက်၍ ခံစားချက် ပိုကောင်းသော်လည်း အမျိုးသမီးများတွင် ယင်းအချက်နှင့် ပြောင်းပြန် ဖြစ်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

အလုပ်သမားခေါ်ယူ ခန့်ထားနိုင်သည့် ၊ အလုပ်ဖြုတ်ပစ်နိုင်သည့်၊ ခံစားခွင့်လစာကို ဆုံးဖြတ်ပေးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာရှိသော အမျိုးသမီးများမှာ ယင်းကဲ့သို့ လုပ်ပိုင်ခွင့်အာဏာမရှိသော အမျိုးသမီးများထက် စိတ်ဓာတ်ကျသည့် လက္ခဏာများ သိသိသာသာပိုများကြောင်း ယခုသုတေသနပြုမှုကို ဦးဆောင်သည့် တက္ကဆက်တက္ကသိုလ်မှ ဓာတ်ယာနာ ပူဒရိုစ်ကာက ပြောသည်။

အမျိုးသမီးများနှင့် ပြောင်းပြန်အဖြစ် အလုပ်နှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်အာဏာရှိသော အမျိုးသားများမှာ ယင်းကဲ့သို့ အာဏာမရှိသည့် အမျိုးသားများထက် စိတ်ဓာတ်ကျသည့် လက္ခဏာများကို ပိုနည်းကြောင်း လေ့လာမှုက ဖော်ပြသည်။

ယင်းအမျိုးသမီးများမှာ အလုပ်တွင်လုပ်ပိုင်ခွင့် အာဏာမရှိသည့် အမျိုးသမီးများထက် ပညာရည်မြင့်မားပြီး၊ ၀င်ငွေပိုများကာ၊ ၎င်းတို့ အလုပ်နှင့်ပတ်သက်၍ လူအများလေးစားမှု ပိုများကြောင်း၊ အလုပ်အပေါ် စိတ်ကျေနပ်မှု ပိုများပြီး အုပ်ချုပ်နိုင်စွမ်း ပိုမိုမြင့်မားကြောင်း သုတေသီပူဒရိုစ်ကာက ပြောသည်။

သို့သော် ၎င်းတို့မှာ အလုပ်တွင် လုပ်ပိုင်ခွင့်အာဏာ နည်းပါးသော အမျိုးသမီးများထက် စိတ်ကျန်းမာရေး အခြေအနေဆိုးရွားကြောင်း သိရသည်။ သုတေသီများက သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီး ၂၈၀၀ ဦး၏ အလုပ်တွင် လုပ်ပိုင်ခွင့် အာဏာရှိခြင်းကစိတ်ဓာတ်ကျမှု လက္ခဏာများအပေါ် မည်သို့ပြောင်းလဲ စေကြောင်း လေ့လာခဲ့ခြင်း ဖြစ်သည်။

လုပ်ပိုင်ခွင့် အာဏာရှိသော အမျိုးသမီးတစ်ယောက်အနေဖြင့် စိတ်ကျန်းမာရေးအခြေအနေအပေါ် အနုသဘော အကျိုးသက်ရောက်မှုရှိခြင်းမှာ ၎င်းကို မိန်းမမဆန်ခြင်းအတွက် အကဲဖြတ်ဝေဖန်မည့် လုပ်ဖော်ကိုင်ဖက်များ၏ ခုခံချေပမှုနှင့် ကြုံတွေ့ရသောကြောင့် ဖြစ်သည်ဟု သုတေသီများက ပြောသည်။

-Daily Mail
7Day Daily

No comments:

Post a Comment