Thursday 27 November 2014

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ခေတ်အဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းစစ်သည်များအား ဂါရ၀ပြုပွဲ ကျင်းပမည်

လာမည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီ မြောက်ဘက် မုခ်ရှိ သူရဲကောင်းစစ်သည် ဗိမာန်တွင် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသော တပ်မတော်သားများအား ဂါရ၀ပြုပွဲ တစ်ရပ် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီလိုပွဲမျိုး လုပ်တာ ကောင်းပါတယ်။ နို့မို့ဆိုရင် တပ်မတော်သားတွေက လူဆိုးဖြစ်ပြီး သောင်းကျန်း သူတွေက သူရဲကောင်းဖြစ်နေတာ။ လွတ်လပ်ရေးရအောင် တိုက်ခိုက်တာ ဒီတပ်မတော်ပဲ။ ခေတ်အဆက် ဆက် သောင်းကျန်းသူတွေ၊ တရုတ်ဖြူတွေ အန္တရာယ်က တိုင်းပြည်ကို ကယ်တင်ပေးခဲ့တာ တပ်မတော်ပဲ။ တပ်မတော်သားတွေ ဒီကနေ့အထိ ဘယ်လောက်သေခဲ့ပြီလဲ။ လူမသိသူမသိ သေခဲ့ရတာတွေ၊ ခြေလက် ဆုံးရှုံးခဲ့ရတာတွေ အများကြီးပဲ။ ဒါကို နိုင်ငံရေးသမားတွေက အာဏာရဖို့ သက်သက်နဲ့ အပြစ်တင်တယ်။ စွပ်စွဲတယ်။ NLD လို ပါတီကြီးက သောင်းကျန်းသူဘက်က ရပ်တည်ပြီး တပ်မတော်ကို လက်ညိုးထိုးပြီး စော်ကားတယ်။ ကိုယ်တို့ ရင်နာတယ်။ ခံပြင်းတယ်။ ဒီပွဲကို မရောက် ရောက်အောင်သွားမှာပါ။ စစ်တပ်က နားခဲ့တာ ကြာပြီ ဆိုပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အချိန်မရွေး အသင့်ရှိနေတုန်းပါပဲ” ဟု အသက် ၇၀ ကျော် အရွယ်ရှိ အငြိမ်းစား တပ်ကြပ်ကြီး ဦးကျော်နိုင်က ပြောသည်။

“ဘယ်သူတွေ ဂရုစိုက်ခဲ့လဲ။ တိုင်းပြည်ကို တစ်ကယ်တမ်း ကယ်တင်ခဲ့တာ ဒီတပ်မတော်ပဲ။ ရှေ့တန်းပြန်လာ လို့ ပြန်မပါလာရင် တစ်အိမ်လုံး ငိုခဲ့ရတဲ့ တပ်ထဲက သောကတွေ ဘယ်သူ ဂရုစိုက်သလဲ။ ကျွန်တော့် အဖေ တိုက်ပွဲကျသွားတော့ အမေက တစ်အိမ်လုံးကို ဈေးရောင်းပြီး ကျွေးခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂုဏ်ယူတယ်။ ကျွန်တော်တို့နဲ့ လိုင်းခန်းချင်းကပ်ရက် သူငယ်ချင်းတစ်ယောက်ဆို သူ့အဖေ ခြေနှစ်ဖက်လုံး ပြတ်သွားတယ်။ ငိုကြ ယိုကြနဲ့ အနေဆင်းရဲ အစားဆင်းရဲနေခဲ့ကြရတယ်။ ဘယ်နိုင်ငံရေးသမား ဂရုစိုက်ခဲ့သလဲ။ ဒီနေ့ ဒီမိုကရေစီ ရပြီ ဆိုတဲ့အချိန်ရောက်တော့ စစ်တပ်ကို ဆဲတယ်၊ စစ်တပ်ကို ဝေဖန်တယ်။ အခု သောင်းကျန်းသူကို သူရဲကောင်းလုပ် စစ်တပ်ကို ရစရာမရှိအောင် ပြောနေတာတွေ မခံနိုင်ဘူး။ ဒီပွဲကို တစ်မိသားစုလုံး သွားမှာပါ။ ကျွန်တော့်အဖေလို လူမသိသူမသိ သေဆုံးခဲ့ရတဲ့ စစ်သည်တွေအတွက် ကျွန်တော် ဒီပွဲကို ပါဝင်မှာပါ” ဟု ကိုအောင်မြင့်က ဆိုသည်။

“တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ ဒီနိုင်ငံရဲ့ သမိုင်းကြောင်းပဲ။ ခွဲလို့မရဘူး။ ဒီကနေ့မှာ နိုင်ငံရေးသမားတွေ၊ သောင်းကျန်းသူတွေက တပ်မတော်ကို စော်ကား နေကြပြီ။ ဒါတွေကို မြင်နေရတာ ရင်နာတယ်။ ခံပြင်းတယ်။ ကျွန်မ အဖေ တပ်ထဲမှာ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်။ အခု ခြေတစ်ဘက် မရှိတော့ဘူး။ ကျွန်မတို့ အားလုံးကို ပညာကောင်းကောင်းသင်ပေးခဲ့တယ်။ ကျွန်မတို့ တစ်မိသားစုလုံး ဂုဏ်ယူတယ်။ အခုအချိန်မှာ တပ်ကို မကောင်းပြောနေတာတွေ မြင်ရတော့ စိတ်ပျက်တယ်။ ကိုယ်အာဏာရဖို့အတွက် စစ်တပ်ကို ဖြိုခွဲတယ်။ လူထုက မုန်းတီးလာအောင် လုပ်နေတယ် လို့ပဲ မြင်တယ်။ အန္တရာယ်များတယ်။ ရွံဖို့လည်း ကောင်းတယ်။ ဒီလိုပွဲမျိုးက မကြာမကြာ လုပ်ဖို့ကောင်းတယ်။ ကျွန်မကိုယ်တိုင် တက်မှာပါ” ဟု ဒေါ်မြမြ၀င်းက ပြောဆိုသည်။

“ဒီပွဲက လူမသိ သူမသိ ကျဆုံးခဲ့တဲ့ အညတရ စစ်သည်သူရဲကောင်းတွေကို ဂုဏ်ပြု အလေးပြုတဲ့ ပွဲပါပဲ။ ဒီပွဲမှာ တပ်မတော်ကို ချစ်မြတ်နိုးသူ ဘယ်သူမဆို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ တိုင်းပြည်အတွက် ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြရတဲ့ တပ်မတော်သားတွေ ဒီနေ့ ဒီမိုကရေစီခေတ်ကြီးထဲမှာ သိက္ခာကျနေရတယ်။ ကျန်ရှိနေတဲ့ ကျွန်တော်တို့မှာ တာဝန် ရှိတယ်။ သူတို့ရဲ့ စွန့်လွှတ်မှု၊ သူတို့ရဲ့ ရဲရင့်မှု၊ သူတို့ရဲ့ ပေးဆပ်မှုတွေကို ကျွန်တော်တို့ အလေး အမြတ် ပြုရမယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ ကောင်းရာမွန်ရာ ဘုံဘ၀ တွေက ရင်နာနေကြမှာကို ကျွန်တော်တို့ မလိုလားဘူး။ တပ်မတော်တစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာကို အသက်ပေးပြီး ရေးထိုးခဲ့တဲ့ သူတို့အားလုံးဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေပဲ။ သူတို့ ဂုဏ်ကို ကျွန်တော်တို့ ချီးကျူးရမယ်။ သူတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မှတ်တမ်းတင်ရမယ်။ သူတို့ရဲ့ တိုင်းပြည်ချစ်စိတ်ကို ကျွန်တော်တို့ ထုတ်ဖော်ပြောကြားရမယ်။ အနိမ့်ဆုံး သူတို့ကို ဂုဏ်ပြုပွဲတစ်ရပ် လုပ်ရမယ်။ ဒီလို စဉ်းစားပြီး ကျွန်တော်တို့ လုပ်နေတာပါ။ အခုဆိုရင် ကြည့် နိုင်ငံရေးပါတီကြီးတွေ၊ နိုင်ငံရေးသမားတွေက စစ်တပ်ကို လက်ညိုး ငေါက်ငေါက်ထိုး၊ သူပုန်တွေ ဓါးပြတွေကို အမွှမ်းတင် လုပ်နေကြတာ ရင်နာစရာ သိပ်ကောင်းပါတယ်။ တချို့ဆိုရင် စစ်တပ်က အရာရှိဟောင်းတွေ။ ဒီကနေ့ စစ်တပ်ကို ပြန်ပြီး မကောင်းပြောနေကြပြီ။ နိုင်ငံရေးရူး၊ အာဏာရူးတွေ ကိယ့်ကို ပျိုးထောင်ခဲ့တဲ့ တပ်မတော်ကို ပြန်ပြီး စော်ကားနေကြပြီ။ ဒါကြောင့် ဒီပွဲကို စီစဉ်ရတာပါ။ စစ်တပ်ဆိုတာ စည်းကမ်းတကျ အဖွဲ့အစည်းပါ။ ဒီပွဲမှာလည်း စည်းကမ်းရှိရှိ ကျွန်တော်တို့ လုပ်သွားမှာပါ။ ခေတ်အဆက်ဆက် လူမသိသူမသိ ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ ရဲဘော် ရဲဘက်တွေ အတွက် ကျွန်တော်တို့ လုပ်ပေးနိုင်သလောက် အတတ်နိုင်ဆုံး လုပ်ပေးဖို့ပါပဲ။ ဘယ်သူမဆို ကျွန်တော်တို့နဲ့အတူ ပူးပေါင်း ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် စည်းကမ်းရှိဖို့တော့ လိုပါတယ်” ဟု ဂါရ၀ပြုပွဲ အခမ်းအနား စီစဉ်သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၂ နာရီတွင် ရွှေတိဂုံစေတီမြောက်ဘက်မုခ်ရှိ သူရဲကောင်းစစ်သည် ဗိမာန်တွင် ခေတ်အဆက်ဆက် ကျဆုံးခဲ့ရသော သူရဲကောင်း စစ်သည်အားလုံးကို ရည်စူး၍ ဂါရ၀ပြုပွဲ ကျင်းပပြုလုပ်မည် ဖြစ်ရာ အငြိမ်းစားစစ်မှုထမ်းဟောင်းများ၊ ယင်းတို့၏ မိသားစုဝင်များ အများအပြား တက်ရောက်ကြမည် ဖြစ်သည်။

တပ်မတော်အား သံယောဇဉ်ရှိသူ မည်သူမဆို ပူးပေါင်းပါဝင်နိုငကြောင်းလည်း ဖိတ်ခေါ်ထားကြောင်း သတင်း ရရှိသည်။

ပြည်သူ့အာဏာ 

No comments:

Post a Comment