Thursday 27 November 2014

“၀”ခေါင်းဆောင် များအား မူးယစ်ရာဇာ အဖြစ် သတ်မှတ် ထားခြင်းကို ပယ်ဖျက်ရေး ကူညီပေးရန် သမ္မတကို တောင်းဆို

အမေရိကန် နိုင်ငံက ၀ ခေါင်းဆောင် အချို့အား မူးယစ်ရာဇာများ အဖြစ် သတ်မှတ် ထားခြင်းကို ပယ်ဖျက်ပေးရေး အတွက် ကူညီ ဆောင်ရွက် ပေးရန် ယမန်နေ့က ပြည်ထောင်စုအစိုးရ အဖွဲ့ ဝင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ၀ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ်က တောင်းဆို လိုက်သည်။

အမေရိကန်က ထုတ်ပြန်တဲ့ မူးယစ်ရာဇာ စာရင်းအရ ဆိုရင် ငြိမ်းချမ်းရေး လုပ်တဲ့ အချိန်မှာ အဟန့်အတား ဖြစ်စေတယ်။ ၀ တွေ အတွက် ပေါ့နော်။ ၀ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ အတွက်လည်း အဟန့်အတား ဖြစ်စေတဲ့ သဘောရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး အတိအကျ ဖော်ဆောင်ချင်တယ် ဆိုရင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တိုင်းရင်းသားတွေ တစ်ဖက်နဲ့ တစ်ဖက် ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုတာ ဒီကိစ္စတွေက မရှိသင့် ဘူးပေါ့ ဟု ဦးညီပလုပ်က The Messenger Media သို့ ပြောသည်။

အမေရိကန် နိုင်ငံ အနေဖြင့် ၀ တိုင်းရင်းသား ခေါင်းဆောင် (၁၀) ဦးကျော်ကို မူးယစ်ရာဇာ စာရင်းသွား ထားပြီး ထိုကဲ့သို့ မူးယစ်ရာဇာ စာရင်း သွင်းထားခံရ သောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ၎င်းတို့ဘက်မှ အဆုံးအဖြတ်ပေး နိုင်မည့် ခေါင်းဆောင် များသည် ဆွေးနွေးပွဲသို့ လာရောက်ရန် အခက်အခဲရှိနေ သကဲ့သို့ အစိုးရဘက်မှ သွားရောက် တွေ့ဆုံရာတွင်လည်း အခက်အခဲ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် ၀ ဒေသတွင် ဘိန်းစိုက်ပျိုးမှု လုံးဝမရှိတော့သည့် အပြင် နိုင်ငံတကာ NGO အဖွဲ့ အစည်း များလည်း လာရောက် လုပ်ကိုင်လျက် ရှိကြောင်း ဦးညီပလုပ်က ပြောသည်။ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံး နိုင်ငံ ဖြစ်ပြီး၊ အရှေ့တောင် အာရှတွင် ဓာတုဆေးဝါး ထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် မှုခင်း ဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Messenger News Journal

No comments:

Post a Comment