Thursday 27 November 2014

၁၅ နှစ်အောက် ကလေးများ ဝက်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေးထိုးမည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၅ နှစ်အောက် ကလေး ၁၇ ဒသမ ၄ သန်းကျော်အား ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးကို ဇန်နဝါရီလမှစတင်၍ စီမံချက်တစ်ခုအနေဖြင့် ထိုးပေးမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက  ပြောသည်။

တစ်နိုင်ငံလုံးရှိ အသက် ကိုးလမှ ၁၅ နှစ်အောက် ကလေးငယ် ၁၇ ဒသမ ၄ သန်းကျော်အား ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများအား လာမည့်နှစ် ဇန်န၀ါရီ ၁၉ ရက်တွင် စတင် ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာ ၂၆ ရက်က မန္တလေးမြို့တွင် ကျင်းပသော ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး အထူးညှိနှိုင်းအစည်းအဝေးတွင် ဒေါက်တာ စိုးလွင်ငြိမ်း ပြောခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဝက်သက်ရောဂါဖြစ်ပွားခဲ့ရာ ထိုစဉ်က ကျန်းမာရေး အသုံးစရိတ် အကန့်အသတ် ရှိခြင်း၊ ဆေးဝါး၊ လိုအပ်သည့် ပစ္စည်းကိရိယာနှင့် ဆေးဝန်ထမ်း လိုအပ်ချက် တို့ကြောင့် အသေအပျောက် များပြားခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့အတွက် ၂၀၁၂ ခုနှစ်မှ စတင်ကာ ဝက်သက်ရောဂါပိုး ကာကွယ်နှိမ်နင်းရွေးအတွက် ကြိုတင်ပြင်ဆင် ခဲ့ပြီး ယင်းအတွက် ကျန်းမာရေး အသုံးစရိတ်ကိုလည်း အစိုးရ၏ ဘတ်ဂျတ်ထဲက ချထားပေးခြင်းဖြစ် သည်ဟု ဆိုသည်။

ဝက်သက်ရောဂါသာမက ဂျိုက်သိုးရောဂါပိုးသည်လည်း ကူးစက်လွယ်ပြီး ဝက်သက်ရောဂါပိုးရှိသည်ဟု သံသယရှိသည့်လူနာ တစ်ရာတွင် သုံးဆယ်ရာခိုင်နှုန်းက ဂျိုက်သိုးရောဂါပိုး ရှိသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၎င်းပိုးနှစ်ခုအား ပူးတွဲ၍ ကာကွယ်နှိမ်နင်းရန် ဆေး တိုက်ကျွေးမည် ဖြစ်သည်။

ဝက်သက်ရောဂါပိုးသည် ကလေးများတွင်ဖြစ်လျှင် ဆေးကုသရန် ခက်ခဲပြီး အပြင်းအထန်ဖျားခြင်း၊ ဝမ်းလျောခြင်း၊ ဦးနှောက် အမြှေးယောင်ခြင်း၊ အဆုတ်ယောင်ခြင်းနှင့် အမြင်အာရုံ ကွယ်သည်အထိ ဖြစ်နိုင် သည်ဟု ဆိုသည်။

အသက် ၁၅ နှစ်အောက် အပျိုဖော်ဝင်စ မိန်းကလေးများကို ကာကွယ်ဆေး ထိုးထားခြင်းဖြင့် နောင်တွင် ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်တို့၌ မွေးရာပါ နှလုံးရောဂါ၊ မျက်စိတိမ်စွဲသည့် ရောဂါများပါ ပပျောက်နိုင်ရန် အထိ ရည်ရွယ်သည်ဟု ဒေါက်တာ စိုးလွင်ငြိမ်းက ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment