Thursday 27 November 2014

နိုင်ငံတကာ ယာဉ်အရည်အသွေးစစ်အဖွဲ့ လက်မှတ်ပါသည့် ကားများကိုသာ တင်သွင်းခွင့်ပြုတော့မည်ဟုဆို

ပြည်ပမှ တင်သွင်းမည့် ကားများကို နောက်ပိုင်းတွင် အခြားနိုင်ငံများကဲ့သို့ နိုင်ငံတကာ အရည်အသွေး စစ်ဆေးခြင်းအဖွဲ့၏  အသိအမှတ်ပြုလက်မှတ်ပါမှသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

တင်သွင်းလာမည့် ကားများကိုကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

‘‘ဒီစနစ်က မြန်မြန်လုပ်သင့် နေပြီ။ အဲဒီလို မသွင်းခင်က စစ်ဆေးမှုမရှိတော့ ပြည်တွင်းမှာ ရောက်နေတဲ့ ကားအများစုက တစ်ပတ်ရစ်ကားတွေ တင်သွင်းတာများတယ်။ ၂၀၁၅ နှစ်ဆန်း ပိုင်းလောက်မှ လုပ်မယ်လို့ ထင်ပါတယ်’’ဟု မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ထားသော လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အရည်အသွေးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ပြီးမှသာလျှင် တင်သွင်းသောစနစ်ကို ပြောင်းလဲကျင့်သုံးသွားရန် ပြီးခဲ့သည့် နှစ်လယ်ပိုင်းကလည်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုနှင့်ကုန်သည်လုပ်ငန်းရှင်များ အသင်းက တောင်းဆိုခဲ့ဖူးသည်။

လက်ရှိတွင် မော်တော်ယာဉ် ဈေးကွက်၌ ကီလိုများစွာ မောင်းနှင်ပြီးသားယာဉ်များနှင့် ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပျက်စီးနေသောကားများကို ပြုပြင်ရောင်းချနေမှုများလည်း ရှိကြောင်း မော်တော် ယာဉ် လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အရည်အသွေး စစ်ဆေးရေးအတွက် ၀န်ဆောင်ခပေးဆောင်ရလေ့ရှိပြီး ပြည်တွင်းရှိ မော်တော် ကား ၀ယ်ယူသူများ ၀ယ်ယူသည့် ဈေးနှင့် ကိုက်ညီ သော ကားရရှိရန် ယင်းစနစ်ကို ကျင့်သုံးသင့်ကြောင်း မော်တော် ယာဉ်လုပ်ငန်းရှင်များက ပြော သည်။

တိုက်ကြေကား တင်သွင်းရောင်းချသော ကုမ္ပဏီများကို တင်သွင်းခွင့်တစ်နှစ်ပိတ်ခြင်းဖြင့် ပထမဆုံးအကြိမ် အရေးယူခဲ့ပြီး စစ်ဆေးတွေ့ရှိသည့် မော်တော်ယာဉ်များကိုလည်း ပြည်သူပိုင် သိမ်းယူခြင်းများ ဆောင်ရွက် ခဲ့သည်။

7Day DAILY 

No comments:

Post a Comment