Friday 24 October 2014

အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကို UNFC မယုံကြည်တော့

မြန်မာအစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှု ရှိမရှိဆိုသည်ကို သံသယဖြစ် လာကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ် ပြန်လိုက်သည်။
ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ၂၀-၁၀-၂၀၁၄ ရက်နေ့မှ ၂၂-၁၀-၂၀၁၄ ရက်နေ့ထိ ကျင်းပပြုလုပ်သော UNFC ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးအပြီးတွင် အစိုးရစစ်တပ်အနေဖြင့် ကချင်၊ ရှမ်း၊ ကရင်နှင့် အခြား တိုင်းရင်းသားပြည်နယ်များတွင် စစ်ဆင် ရေးမပြတ်လုပ်နေခြင်း၊ တိုက်ပွဲဖြစ်ပွားနေ ခြင်း၊ စစ်ရေးပြင်ဆင်မှုကို အသာစီးလုပ် နေခြင်းတို့အပေါ် သုံးသပ်၍ ယင်းသို့ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။

UPWC နဲ့ NCCT တို့ တွေ့ဆုံ ဆွေးနွေးမှုကလည်း လိပ်ခဲတည်းလဲဖြစ်နေ တယ်။ နောက်ပြီး လက်ရှိ ပဋိပက္ခလည်း ဖြစ်နေတယ်။ ဒီအပေါ်မှာ အခြေခံပြီး သံသယဖြစ်တယ်လို့ ဆိုချင်တာပါ””ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က News Watch ကို ပြောသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူ မျိုးပေါင်းစုံဖြင့် စုဖွဲ့ထားသော နိုင်ငံဖြစ်သော်လည်း မဟာလူမျိုးကြီး ၀ါဒနှင့် အတုအယောင် ပြည်ထောင်စုစနစ်ကို အာဏာရ အစိုးရအဆက်ဆက်တို့ အဓမ္မကျင့်သုံးခဲ့သည့် အတွက် နှစ် (၇၀)ခန့် ပြည်တွင်းစစ် ဖြစ်ပေါ်ရသည်ဟု UNFC က သုံးသပ်ထားသည်။ 

ပြည်တွင်းစစ်ကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆုံးရှုံးခြင်း၊ ပြည်သူလူထု ဒုက္ခဆင်းရဲဖြစ်ခြင်းတို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှုမပြု နိုင်သမျှ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု ယင်းတို့က သုံးသပ်ထားသည်။

အာဏာရအစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံရေးပြဿနာကို အဖြေရှာရာတွင် စစ်အင်အားဖြင့်သာ အဓိကဖြေ ရှင်းကာ တွေ့ဆုံဆွေးနွေးခြင်းကို လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။ လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပ မည့် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်ထိုက်သည်များကို ပြင် ဆင် ရန် တောင်းဆိုနေသူများရှိ သော်လည်း အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရန် လမ်းစမမြင်ဟု ယင်းကဆိုသည်။ 

““တွေ့ဆုံဆွေးနွေးမှုကလည်း ရှေ့ မတိုး နောက်ဆုတ်ဖြစ်နေတယ်။ ငြိမ်းချမ်း ရေး ကတော့ ဝေးနေဦး မယ်လို့မြင်တယ်။ ကျွန်တော်တို့လည်း ကြိုးစားလုပ်ခဲ့တာပါ။ အခုက လမ်းခုလတ်မှာဖြစ်နေတယ်။ စိုးရိမ် ပါတယ်””ဟု ခူးဦးရယ်က ပြောသည်။

ယခုအခါ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖောင်ဆောင်လုပ်ငန်းကော် မတီ (UPWC)နှင့် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တနိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး သဘောတူ စာချုပ်ချုပ်ဆိုရန် ညှိနှိုင်း မှုပြုလုပ်နေသည်။ 

သို့သော်လည်း အစိုးရ၏ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် လုပ်ဆောင်နေမှုမှာ လက်တွေ့တွင် တန်းတူခြင်း၊ တရားမျှတခြင်းမရှိသည့်အပြင် နောက်ပြန်ဆုတ်သည်ဟု UNFC က သဘောထားကြောင်း သိရသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center-MPC)၏ ပြော ရေးဆိုခွင့် ရှိသူ ဒေါက်တာ မင်းဇော်ဦး က မိမိတို့အနေဖြင့် အဆိုပါထုတ်ပြန်ချက် အပေါ် မှတ်ချက်တစုံတရာမပေးလို ကြောင်း News Watch ဂျာနယ်ကို ပြောသည်။

““ကျွန်တော်တို့ကတော့ ဘာမှ comment ပေးစရာမရှိပါဘူး။ ဘာကြောင့် လဲဆိုရင် လောလောဆယ်မှာ ကျွန်တော် တို့ နားလည်တာကတော့ အစိုးရနဲ့ညှိနှိုင်း နေတာ NCCT နဲ့ ညှိနှိုင်းနေတာပေါ့နော်”” ဟု ၎င်း က ပြောသည်။ 

ပြီးခဲ့သည့်တပတ်က ရှမ်းပြည်နယ်တွင် ဦးသိန်းဇော်ခေါင်းဆောင်သော UPWC အဖွဲ့နှင့် SSPP/SSAA တို့ တွေ့ ဆုံကာ နောက်ထပ်တိုက်ပွဲများမဖြစ်စေရန် ညှိနှိုင်းခဲ့ကြကြောင်း၊ ပဋိပက္ခဖြေရှင်းနိုင် သောအဖွဲ့ များဖြင့် ပြုလုပ်ရန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၈-၁၀-၂၀၁၄ ရက်နေ့ က စတင်ကာ ရှမ်းပြည်နယ် အလယ်ပိုင်း ကျေးသီးမြို့နယ်အတွင်းတွင် အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ ပြုလုပ်နေ သည် ဟု သိရသည်။ 

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြော ရေးဆိုခွင့်ရှိသူ နန်းခွမ်လိတ်က မြန်မာစစ် တပ်မှ မော်တာဖြင့် ပစ်ခတ်မှု များသည် SSPP/SSAတို့ နှစ်ပေါင်းများစွာကြာ ထိန်းချုပ်ရာနယ်မြေအတွင်း ဖြစ်ပွားခဲ့ ကြောင်း၊ စစ်တပ်က SSPP/SSAA တို့ ကို ထိုးစစ်ဆင်ကာ ဖိအားပေး၍ ဆုတ်ခွာ ခိုင်းကြောင်း ပြောသည်။ 

““ရွာသား ငါးယောက်ရိုက်ခံရတယ်။ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတဦး အပါအ၀င် အမျိုးသမီး ၇ ဦးကို တပတ် တိတိ ဖမ်းထားတယ်။ ပန်းစေးရွာသားနှစ် ဦးကို ရိုက်နှက်စစ်ဆေးတာ တညကြာ တယ်။ အစိုးရစစ်တပ်က မော်တာနဲ့ပစ်လို့ ရွာသား ၁၈၀ ကျော် ဘုန်းကြီးကျောင်း အတွင်း နေနေရတယ်။ ဒီလို မြန်မာစစ် တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များနေပါပြီ””ဟု ၎င်းက ရှင်းပြသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment