Friday 24 October 2014

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု ဆိုင်ရာ သတင်း ရေးသားခြင်း သင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အမှတ်(၂၂၄) A ဦးဝိစာရလမ်းရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Center LRC) ၌ တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု စောင့်ကြည့် လေ့လာရေး ကွန်ရက်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံရုံး (ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်) တို့မှ တောရိုင်းတိရစ္ဆာန် များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ သတင်းရေးသားခြင်း သင်တန်းကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက် အထိ သုံးရက်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

 သင်တန်းတွင် လက်ရှိ ကမ္ဘာနှင့် အဝှမ်းတွင် ဖြစ်ပေါ်နေသော တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက် ကားနေမှုများ၊ မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန် မှောင်ခို ရောင်းဝယ်နေမှုဆိုင်ရာ ကိန်းဂဏန်း အချက် အလက်များ သုတေသန ဆောင်ရွက် ထားရှိမှု များ၊ တော ရိုင်း တိရစ္ဆာန် ရောင်းဝယ်နေမှုများကို ဥပမာ များ၊ ဖြစ်စဉ်များအပေါ် အခြေခံ၍ ကိုယ်တိုင်ပါဝင် ဆွေးနွေးခြင်းများ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေများနှင့် အပြည်ပြည် ဆိုင်ရာ အဆင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ဆိုင်ရာ သတင်း ဆောင်းပါးများ ရေးသားခြင်း ဆိုင်ရာ နမူနာ လေ့လာခြင်းများကို စာတွေ့လက်တွေ့ ဆွေးနွေး ပို့ချပေးမည် ဖြစ်သည်။ အဆိုပါ သင်တန်းသို့ သတင်းမီဒီယာ ဌာနများမှ သင်တန်းသား ကိုယ်စားလှယ် တစ်ဦးစီ တက်ရောက် နိုင်ကြောင်းနှင့် သင်တန်းသားများ အတွက် လိုအပ်သော စာရွက်စာတမ်းနှင့် စားစရိတ်ကို သင်တန်းမှ တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင် အင်္ဂလိပ် ဘာသာဖြင့် ပို့ချမည် ဖြစ်ပြီး ဘာသာပြန်နှင့် စက်များထားရှိပေးမည် ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် သိရှိလိုပါက ဦးနေမျိုးရွှေ ဖုန်း-ဝ၉-၄၉၃၃၄၇၂ဝ၊ ဝ၉-၂၅၃ဝ၃၈၅၃၂ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ကြောင်း သတင်း ရရှိသည်။

မင်းလွင်
မြ၀တီ

No comments:

Post a Comment