Wednesday 2 April 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း IMF ခန့်မှန်း

၂၀၀၄- ၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၇ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာ မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်ရာခိုင်နှုန်းရှိလာမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ခန့်မှန်းချက်အရ သိရသည်။
မြန်မာ့စီးပွားရေးသည် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ရ၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း သည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်း၊ အခြားဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ သို့သော်လည်း အခြားတဖက်တွင်မူ လျှပ်စစ် မီတာခဈေးနှုန်း များ မြင့်တက်လာခြင်းနှင့် demand pressure ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ခုနစ်ရာခိုင်နှုန်းခန့် ရှိလာနိုင်ကြောင်း၊ အလားတူ external account deficit မှာ သွင်းကုန်တင်သွင်းမှု များနေသောကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် GDP ၏ငါးရာခိုင်နှုန်းလောက် ရှိလာမည်ဖြစ်ကြောင်း၊ သို့သော်အခြားတဖက် တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသည့်အတွက် ထေမိကောင်း ထေမိသွားနိုင်ကြောင်းလည်း ခန့်မှန်းဖော်ပြထားသည်။

"အခု သူတို့ထုတ်ပြန်တာ ခုနစ်ရာခိုင်နှုန်းဆိုရင် အဲဒီပမာဏက မြန်မာပြည်က ပြည်သူ လူထုအတွက်က များတယ်။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုနှုန်းက တက်ဖို့အခွင့်အလမ်းတွေ အများကြီးပါ။ electricity တစ်ခုတည်းမဟုတ်ဘူး။ ၀ယ်လိုအားပြီးတော့ အခြားကောလာဟလတွေကြောင့်လည်း တက်နိုင်တာပဲ။ ကျွန်တော်ထင်တာတော့ IMF ခန့်မှန်းတာထက်တောင် ပိုများမယ်ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကုန်ကျစရိတ်တွေလည်းတက်တယ်။ နောက်လမ်းမှာ congested တွေလည်းများတယ်။ နောက် ထုတ်လုပ်မှုတွေ ကလည်း ကျနေတယ်။ အခုနောက်ပိုင်းမှာ demand တွေလိုက်လာပြီး production တွေကကျနေတယ်။ ထင်သလောက်မတက်ဘူး။ အဲလိုဖြစ်တဲ့အတွက် ကောင်းလားဆိုတော့ မကောင်းဘူးနော်။ ပညာရှင်တွေလည်း အဲဒါသုံးသပ်ဖို့လိုတယ်။ ဒါကို ဘယ်လိုကုစားမလဲဆိုတာ။ ကုစားဖို့အတွက်လည်း ဘာကြောင့်ဖြစ်တာလည်းဆိုတဲ့ အကြောင်းတရားကို သိဖို့လိုတယ်။ အစိုးရနားမှာ ရှိနေတဲ့ ပညာရှင်တွေ ဒါကိုသိဖို့လိုပါတယ်"ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက သုံးသပ်ပြောကြားခဲ့သည်။

"နိုင်ငံခြားငွေပေးငွေယူရှင်းတမ်း (the external current account deficit) မှာ deficit ဖြစ်ပြီဆိုတော့ အကုန်လုံးပါပြီပေါ့။ ပို့ကုန်လည်း မပို့နိုင်ဘူး။ သွင်းကုန်များနေတယ်" ဟု ဒေါက်တာမောင်မောင်စိုးက သုံးသပ်ပြောကြားသည်။

ယေဘုယျအားဖြင့် ငွေကြေးဖောင်းပွမှုအား တိုင်းတာရာတွင် အခြေခံစားသောက်ကုန် (Consumer Price Index) အပေါ်တွင်သာ တိုင်းတာကြောင်း၊ မြန်မာနိုင်တွင် အဆိုပါ commodity price ကိုတိုင်းတာရာတွင် အမျိုးအမည် ၁၃၅ မျိုးပေါ်တွင်သာ တိုင်းတာနေကြောင်း၊ ယင်းအထဲတွက် ဒေါ်လာဈေးတက်ခြင်း၊ ရွေဈေး တက်ခြင်း၊ ကျခြင်းများ မပါဝင်ကြောင်း၊ တိုက်ခန်း၊ အိမ်ရာများနှင့် ပတ်သက်ပါက အရောင်းအ၀ယ်ကြောင့် ကြီးမြင့်လာသည့် ငွေကြေးဖောင်းပွမှုကို ထည့်တွက်လေ့မရှိဘဲ အငှားဈေးနှုန်းအပြောင်းအလဲကိုသာ ထည့်သွင်းတွက်ချက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေကိုမူ GDP ၏ ငါးရာခိုင်နှုန်းရှိ မည်ဖြစ်ကြောင်း လည်း ခန့်မှန်းထားပြီး ပြီးခဲ့သည့်နှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းကို ခြောက်ရာခိုင်နှုန်းဟု ခန့်မှန်းခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment