Wednesday 2 April 2014

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့က အကြမ်းဖက် လုပ်ရပ်များပြုလုပ်ရန် စီစဉ်နေဟု ဗြိတိန်ပြော

မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့သည် ဗြိတိန်တွင် အစွန်းရောက်လှုပ်ရှားမှုများပြုလုပ်ရန် စီစဉ်နေသည် ဟု ယူဆရသ ဖြင့် ထိုအဖွဲ့အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက အမိန့်ပေးထားကြောင်း ဒေါင်း နင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးက သတင်းထုတ် ပြန်ခဲ့သည်ဟု ဧပြီ ၁ ရက်က အေ အက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့၏ ခံယူချက်၊ လှုပ်ရှားမှုများနှင့် ဗြိတိန်တွင် ထိုအဖွဲ့၏ ခြိမ်းခြောက်နိုင်ခြေ အလားအလာများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းကြရန် ဗြိတိန်ဝန်ကြီးချုပ် က ထောက်လှမ်းရေး အေဂျင်စီများအား အမိန့်ပေးထားသည်။

မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ခေါင်းဆောင်များသည် အီဂျစ်အကျပ်အတည်းကို တုံ့ပြန်ရေးအတွက် ဆုံးဖြတ်ရန် ပြီးခဲ့သည့်နှစ်က လန်ဒန်တွင် တွေ့ဆုံခဲ့ကြကြောင်း သတင်းများထွက်ပေါ်လာခဲ့သဖြင့် ဗြိတိန် အစိုးရက ထိုကဲ့သို့ အမိန့်ပေးရခြင်း ဖြစ်သည်။ အီဂျစ်တွင် မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ ၏ ခေါင်း ဆောင်တစ်ဦး ဖြစ်သူ မိုဟာမက်မော်စီသမ္မတရာထူးမှ ပြုတ်ကျသွားခဲ့ပြီးနောက် အီဂျစ်နိုင်ငံရေး အကျပ် အတည်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် အကြမ်းဖက်ရေး စည်းရုံးလှုံ့ဆော်မှု တစ်ရပ်ကို စီစဉ် ပြုလုပ်နေကြောင်း ကိုင်ရိုမြို့ရှိ အီဂျစ်အစိုးရကလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment