Wednesday 2 April 2014

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိကျူးကျော် ဘုန်းကြီးကျောင်းများမှသံဃာအချို့အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထား သော ဘုန်းကြီးကျောင်းများအနက် မတ် ၁၅ရက်အထိ ကျူးကျော် ကျောင်း ၂၁ ကျောင်းကျန်ရှိရာ တရားရင်ဆိုင်နေသည့် ကျောင်း သုံးကျောင်း မှ ကျောင်း ထိုင် သံဃာတော် သုံးပါးအား သက်ဆိုင်ရာ တရားရုံးက လူဝတ်လဲကာ ထောင်ဒဏ် ခြောက် လစီ ကျခံစေခဲ့ကြောင်း၊ တရားရုံးတွင် တရားရင်ဆိုင်နေဆဲ ၁ဝ ကျောင်းမှ သံဃာတော်များအား တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီစစ်ဆေး၍ စီရင်ချက်ချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရှစ်ကျောင်းမှ သံဃာတော်များအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ(၅၁၂)အရ တရားခံပြေးအဖြစ် ကြေညာသွားမည်ဖြ စ် ကြောင်း နေပြည်တော်ကောင်စီမှ သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂ဝ၁၂ ခုနှစ် ဇွန် ၁ဝရက်တွင် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျူးကျော်ဘုန်းကြီးကျောင်း ၃၇ ကျောင်း စိစစ်တွေ့ရှိခဲ့ပြီး ယင်းကျောင်းများရှိ သံဃာတော်များသည် သာသနာဝင် မှတ်တမ်းမရှိခြင်း၊ သက်ဆိုင်ရာ သံဃနာယကအဖွဲ့အဆင့်ဆင့်၏ ခွင့်ပြု ချက်မရှိခြင်းတို့ကြောင့် တာဝန်ရှိသူများက ကျူးကျော်ဘုန်းကြီးကျောင်း များရှိ သံဃာတော်များအား ပင့်ဖိတ်၍ ဆွေးနွေးမှုများပြုလုပ်ကာ လိုအပ် သည့် အုပ်ချုပ်မှုကိစ္စရပ်များ ကူညီပံ့ပိုးခဲ့သဖြင့် ၂ဝ၁၂ ခုနှစ် ဇူလိုင် ၃ရက်တွင် ၁၃ ကျောင်း ထွက်ခွာသွားခဲ့သည်။

ကျန်ကျူးကျော်ဘုန်းကြီးကျောင်း ၂၄ ကျောင်းအား သံဃနာယက အဖွဲ့အစည်းများမှတာဝန်ရှိသူများက ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း လက်မခံသဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ ဆက်လက်တင်ပြ ခဲ့ကြောင်း၊ ၂ဝ၁၂ ခုနှစ် ဇူလိုင် ၂၈ရက်တွင်ကျင်းပသည့် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသအစည်းအဝေးတွင် ''နေပြည်တော်ကောင်စီအတွင်း ကျူးကျော်ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်းများနှင့်ပတ်သက်၍ စိစစ်ရေးအဖွဲ့မှ တင်ပြခြင်းအပေါ် ကျူးကျော်ကျောင်း ၂၄ ကျောင်းကို ဘုန်းကြီးကျောင်းအဖြစ်အသိအမှတ် မပြုရန်'' ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ၂ဝ၁၃ခုနှစ် ဒီဇင်ဘာ ၃ဝရက် တွင်လည်း နိုင်ငံတော်သံဃနာယကအဖွဲ့က ထပ်မံ၍ကျူးကျော်ကျောင်း များအဖြစ် ဒုတိယအကြိမ် သတ်မှတ်ဆုံးဖြတ်ခဲ့ကြောင်း နေပြည်တော် ကောင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျူးကျော်ကျောင်း ၂၄ ကျောင်းရှိ ရဟန်းသာမဏေများအား သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် တရားစွဲဆိုနိုင်ရေးဆောင်ရွက် နေစဉ် ၂ဝ၁၄ ခုနှစ် မတ် ၁၅ရက်တွင် ထပ်မံမြေပြင်ကွင်းဆင်းစစ်ဆေး ရာ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဝိဇ္ဇာသိဒ္ဓိကျောင်း၊ လှေဆွဲမြှောင် ကျောင်းနှင့် ရွှေညောင်ပင်ကျောင်းတို့မှာ ထွက်ခွာသွားသဖြင့် မတ် ၂ဝရက်တွင် ကျူးကျော်ကျောင်း ၂၁ကျောင်းနှင့်ပတ်သက်၍ ဇမ္ဗူသီရိ မြို့နယ်တရားရုံးနှင့် ပုဗ္ဗသီရိမြို့နယ်တရားရုံးတို့တွင် ဦးတိုက်လျှောက် ထား၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း တရားရုံးမှတ်တမ်းအရ သိရ သည်။

ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေသည့် ဇမ္ဗူသီရိ မြို့နယ်ရှိ ဗုဒ္ဓရတနာကျောင်းနှင့် သာသနာ့အောင်လံကျောင်း၊ ဒက္ခိဏ သီရိမြို့နယ်ရှိ ဓမ္မရက္ခိတသာသနာပြုကျောင်းတို့ရှိ ကျောင်းထိုင် သံဃာတော် သုံးပါးအား မတ် ၂၅ရက်တွင် တရားရုံးလုပ်ထုံးလုပ်နည်း နှင့်အညီ အပြီးသတ်စစ်ဆေး၍ လူဝတ်လဲကာ ထောင်ဒဏ်ခြောက်လစီ ကျခံစေရန် အမိန့်ချမှတ်ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။

ဥတ္တရသီရိမြို့နယ်ရှိ ရွှေဝါမြိုင်ကျောင်း၊ ညောင်နှစ်ပင်ကျောင်း၊ ဓမ္မဓူဝံကျောင်း၊ သပြေညိုကျောင်း၊ ဝေဠု ဝန်ကျောင်း၊ နန္ဒာရာမကျောင်း၊ ဆုတောင်းပြည့်ကျောင်း၊လှမေတ္တာကမ္မဋ္ဌာန်းကျောင်း၊မဟာမြိုင်ကျောင်း နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ မိတ္ထိလာကျောင်း စုစုပေါင်း ၁ဝ ကျောင်းမှာ တရားရုံးတွင် တရားရင်ဆိုင်နေဆဲဖြစ်ပြီး အဆိုပါကျောင်းများမှ သံဃာတော်များအား တရားရုံးလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေး၍ စီရင်ချက်ချမှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုသိရှိရသည်။

တရားရုံးသို့ လာရောက်တရားရင်ဆိုင်ခြင်းမရှိသည့် ဥတ္တရသီရိ မြို့နယ်ရှိ ရာမညကျောင်း၊ အဓိဋ္ဌာန်တော ရကျောင်း၊ ဇေယျာမြိုင် ကျောင်း၊ ငှက်ပျောတော်လျှိုကျောင်း၊ ဝေဠုဝန်ကျောင်း၊ ရတနာ သိဒ္ဓိကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ပဏ္ဍိတရာမကျောင်း၊ နန္ဒာရာမ ကျောင်း စုစုပေါင်း ရှစ်ကျောင်းရှိ သံဃာတော်များအား တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ(၅၁၂)အရ တရားခံပြေးအဖြစ် ကြေညာ သွား မည်ဖြစ်သည်ဟု သိရသည်။

နေပြည်တော်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ကျူးကျော်ကျောင်း ၂၄ ကျောင်းနှင့်ပတ်သက်၍ ပြောပြရာ တွင်''အများစုက ဝါးကျောင်း တွေဖြစ်ပါတယ်။ သက်ငယ်၊ ထရံကာ၊ ဝါးခင်းတွေပါ။ အချို့ကျောင်း အနည်းငယ်ကတော့ သွပ်မိုး၊ အုတ်နံကပ်၊ ကွန်ကရစ်ခင်းထားတာတို့၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ထောင်၊ အုတ်ညှပ် ဖောင်ဒေးရှင်းလုပ်ထားတာတို့ ရှိပါတယ်။ အများစုက ယာယီတဲလေးတွေပါ။ သံဃာအင်အား အနေနဲ့ လဲ ငါးပါးရှိတဲ့ကျောင်းက နှစ်ကျောင်းလောက်ရှိပြီး လေးပါးရှိတဲ့ ကျောင်းက တစ်ကျောင်း၊ သုံးပါးရှိတဲ့ကျောင်းက သုံးကျောင်းရှိပါတယ်။ ကျန်တာက တစ်ပါး၊ နှစ်ပါးနဲ့ အခုနေပြည်တော် တည်ပြီးတဲ့နောက်မှာမှ ဆောက်လုပ်လာတဲ့ကျောင်းတွေ ဖြစ်ပါတယ်။

နေပြည်တော်ဆိုပြီး စတင်တည်ရှိလာတဲ့ ၂ဝဝ၆ခုနှစ်မှာ ဒီမှာ အခိုင် အမာဘုန်းတော်ကြီးကျောင်းတွေ အများကြီးရှိပါတယ်။ မြို့နယ်အလိုက် ပြောရရင်ပျဉ်းမနားမှာ ကျောင်း ၃၉ဝ၊ လယ်ဝေးမှာ ၃၁ဝ၊ တပ်ကုန်းမှာ ၂၅၆ ကျောင်းရှိပါတယ်။ ဒီတရားဝင်တည်ရှိပြီး ဘုန်းတော်ကြီးကျောင်း တွေက သူ့ဆရာ ဒကာနဲ့ အခိုင်အမာတည်ရှိထားပြီးဖြစ်ပါတယ်။ ဒီ ကျောင်းတွေကို အစိုးရကရော၊ ပြည်သူတွေရော ကိုးကွယ် ဆည်းကပ် နေတာပါ။ အခုကျူးကျော်ဘုန်းကြီးကျောင်းတွေက သိပ်မကြာမီနှစ် တွေအတွင်းမှာမှ လာရောက်ဆောက် လုပ်အခြေချနေကြတာဖြစ်ပါ တယ်''ဟု ထပ်မံရှင်းပြသည်။

ဆက်လက်၍ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး က '' မတ် ၁၄ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရယ်၊ မြို့နယ်သာသနာရေး ဦးစီးမှူးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရယ် ပါဝင်တဲ့အဖွဲ့က ဇမ္ဗူ သီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်မှာရှိတဲ့ ကျူးကျော်ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်တဲ့ နန္ဒာရာမကျောင်းကို သွားရောက်စစ်ဆေးတဲ့အခါ အဲဒီကျောင်းမှာ ကျောင်းထိုင်ခဲ့တဲ့ ဦးနန္ဒမာလာဆိုတဲ့သံဃာက လွန်ခဲ့တဲ့ တစ်နှစ်လောက်က အခုလက်ရှိကျောင်းထိုင်ကို ငွေကျပ် ၃၅ သိန်းနဲ့ စာချုပ်ချုပ်ဆိုပြီးရောင်းချသွား တာ တွေ့ခဲ့ရ တယ်လို့ သွားစစ်တဲ့အဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ကျူးကျော်အဖွဲ့တွေက အဲဒီလိုတွေလဲ တရားမဝင် ဆောင်ရွက်ခဲ့တာရှိပါတယ်''ဟု ပြောပြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်းမှ ယင်းကျူးကျော်ဘုန်းကြီးကျောင်းများ အား နိုင်ငံတော်သံဃနာယက အဖွဲ့ထံမှလည်း ကျူးကျော်ဘုန်းကြီးကျောင်းများဖြစ်၍ အသိအမှတ် မပြုရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ နေပြည်တော်ကောင်စီအနေဖြင့် တရား ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment