Wednesday 2 April 2014

မော်လမြိုင်ခရိုင်တွင် တပ်မတော်က သိမ်းယူခဲ့သော လယ်မြေဧက၂၀၀၀ ကျော် စွန့်လွှတ်မည်

တပ်မတော် အစိုးရလက်ထက်၌ မော်လမြိုင်ခရိုင် ခြောက်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၃၂ ခုက သိမ်း ဆည်း ခဲ့သော လယ်မြေများအနက် ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့သည့် လယ်မြေ ၂၃၈၀ ဒသမ ၈၅ ဧကကို မူရင်း လယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် စာရင်း ရောက်ရှိပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုင်က ပြောကြားသည်။
တပ်မတော်က အသုံးမပြုသည့် လယ်မြေများကို မူရင်းလယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုံးထား ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်ခရိုင် အနေနှင့်လည်း ၎င်းတို့ စွန့် လွှတ်သည့် လယ်မြေ စာရင်းများကို ရရှိထားပြီး ဖြစ်သောကြောင့် လယ်ပိုင်ရှင်များကို ရှာဖွေပြီး စက်တင် ဘာလ အတွင်း အကြောင်းကြားမည်ဟု ၎င်းကဆိုသည်။

မော်လမြိုင်ခရိုင်အတွင်း ပြန်လည် ရရှိသည့် လယ်မြေဒေသများမှာ ချောင်းဆုံမြို့နယ် ကွမ်လျာကျေးရွာနှင့် ဖံဖကျေးရွာရှိ လယ်မြေများ၊ မော်လမြိုင်မြို့နယ်မှ ရွှေမြိုင်သီရိ နယ်မြေနှင့် ကော့လျာရှိ လယ်မြေများ၊ ကျိုက်မရောမြို့နယ်မှ ခရုံဂူဘုရားဘေးရှိ လယ်မြေများ၊ မုဒုံမြို့နယ်မှ ဘဲရမ်းကျေးရွာ၊ ကွေ့ဝမ်းကျေး ရွာ၊ ရောင်းဒေါင်း ကျေးရွာနှင့် တက်တဲကျေးရွာရှိ လယ်မြေများ၊ ရေးမြို့နယ်မှ အံဒင်ကျေးရွာ၊ ဒူးယား ကျေးရွာ၊ တူးမြောင်းကျေးရွာ၊ နှစ်ကရင် ကျေးရွာနှင့် ဘေးလမိုင်း ကျေးရွာများရှိ လယ်မြေ များ ဖြစ်ကြောင်း ခရိုင်မြေစာရင်း ဦးစီးမှူး ဦးပန်တုကျော်က ပြောကြားသည်။

လယ်သမားများတွင် ပိုင်ဆိုင်မှု မရှိပါက ယာယီ လုပ်ကိုင်ခွင့်အဖြစ် စပါးစိုက်ခွင့် ပေးထား မည် ဖြစ်သော် လည်း ယာယီ လုပ်ကိုင်ခွင့်ရရှိသည့် လယ်သမားများသည် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် သက်သေများဖြင့် လယ်ပိုင်ဆိုင်ခွင့်ကို ပြန်လည် လျှောက်ထား ရမည် ဖြစ်ကြောင်းနှင့် ပိုင်ဆိုင်မှု အငြင်း ပွားနေသည့် လယ်မြေများ ဖြစ်ပါက မြေယာကော်မတီများက ကြားဝင် ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ ၎င်းတို့ ဖြေရှင်းပေးခြင်းကို တစ်ဦးဦးက သဘောမတူက တရားရုံး၏ ဆုံးဖြတ်ချက် ချမှတ်ပြီးမှ လယ်ပိုင်ရှင် များထံ ပြန်ပေးမည်ဟု ၎င်းကရှင်းပြသည်။

“တိုင်ကြားတဲ့ သူကလည်း မှန်မှန်ကန်ကန် တိုင်ကြားဖို့၊ သဘောက မှားယွင်း တိုင်ကြားတာလည်း ရှိတယ်။ နှစ်ဦးနှစ်ဖက် အငြင်းပွားလို့ တိုင်ကြားတာလည်း ရှိတယ်။ တကယ်လို့ ကျွန်တော်တို့ စစ်လိုက်လို့ ပေါ်သွားရင်လည်း ကျွန်တော်တို့က သူတို့ကိုပြန် အရေးယူလို့ရတယ်၊ ဒါလည်း တရားဝင် ညွှန်ကြားထားတယ်။ ပြန်လည် တောင်းဆိုတဲ့အခါ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းမဟုတ်ပဲ တောင်းဆိုတာတွေ မလုပ်ရဘူး” ဟု ဦးပန်တုကျော်က ပြောဆိုသည်။

တပ်မတော် တပ်ရင်းများက စွန့်လွှတ်လိုက်သည့် လယ်မြေများကို မူရင်း တောင်သူများရှိ မရှိ ပြန်လည် စစ်ဆေးရာတွင် ရေးမြို့နယ်ရှိ လယ်မြေများမှာ မူရင်း တောင်သူများကို ရှာဖွေ တွေ့ရှိခဲ့သော်လည်း အချို့မြို့နယ်များတွင် မူရင်းတောင်သူများကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးတို့နှင့် ခရိုင်မြေစာရင်း ဦးစီးမှူးတို့၏ ပြောကြားချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment