Wednesday 2 April 2014

မြန်မာနိုင်ငံနှင့် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အမေရိကန် Ex-Im ဘဏ် ဆွေးနွေးခဲ့

အမေရိကန်နိုင်ငံ ပို့ကုန် နှင့် သွင်းကုန် ဘဏ် (Ex-Im ဘဏ်)၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သော ပက်ထရစ်ရှာ လူဝီ (Patricia Loui) သည် ရန်ကုန် နှင့် နေပြည်တော်တို့ သို့ လာရောက်လည်ပတ်စဉ် ကာလဖြစ်သော မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ အတွင်းတွင် ပြည်ထောင်စု အစိုးရ အရာရှိကြီးများ၊ အမေရိကန် စီးပွါးရေး ကိုယ်စားလှယ်များ၊ ဒေသတွင်း စီးပွါးရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စီးပွါးရေး ပူးတွဲလုပ်ဆောင်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ဧပြီလ ၁ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် ပါရှိသည်။
အမေရိကန်ပို့ကုန်ရောင်းချမှုများအတွက် ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ပေးအပ်မည်ဟု ဖေဖော်ဝါရီလ ၆ ရက်နေ့က Ex-Im ဘဏ်က ကြေညာခဲ့ပြီးနောက်၊ မစ္စတာ ပက်ထရစ်ရှာ လူဝီသည် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။

“အသွင်ကူးပြောင်းမှုကို ဆက်လက်ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ၊ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း၊ ဒီအပတ်အတွင်းမှာ ပို့ကုန် နှင့် သွင်းကုန် ဘဏ် (Ex-Im ဘဏ်)က လေးလေးနက်နက် ထုတ်ဖော်ပြသလိုက်ပါတယ်” ဟု မစ္စတာ လူဝီ က ပြောကြားခဲ့သည်။

“အစိုးရ အရာရှိတွေ၊ ဒေသတွင်း စီးပွါးရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံအကြား ကုန်သွယ် မှုတွေ တိုးတက်လာစေမယ့် နည်းလမ်းတွေကို ဆွေးနွေးရတာနဲ့ မြန်မာနိုင်ငံ ကမ္ဘာ့စီးပွါးရေးမှာ ပိုပြီးပေါင်းစည်းပါဝင်နိုင်ဖို့ ကူညီရတာကို ကျွန်တော် အလွန်ကျေနပ်မိပါတယ်” ဟု မစ္စတာလူဝီက ဆိုကြောင်း အမေရိကန် သံရုံး၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ပို့ကုန် နှင့် သွင်းကုန် ဘဏ် (Ex-Im ဘဏ်) သည် ပို့ကုန်ကြွေးမြီ အာမခံ၊ ချေးငွေ အာမခံ နှင့် တိုက်ရိုက်ချေးငွေများကို ယုံကြည်စိတ်ချရသော ပို့ကုန်လုပ်ငန်းများ အား ပေး လျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment