ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အိမ်ပြန်စရိတ် အာမခံ ကြေးတဦးကို ဘတ် ၁ ထောင်စီ ပေးဆောင်ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။
“အမှန်က ဒီရံပုံငွေကောက်ခံဖို့ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ၀န်ကြီးဌာန ကနေ ပြဋ္ဌာန်းပြီးထားပါ။ ဒါပေမယ့် ဒီကိစ္စကို အလုပ်ရှင် အလုပ်သမားတွေ ဘက်က သဘောပေါက်ပြီး ပူးပေါင်းပါဝင်လာဖို့ ညှိနှိုင်းနေတာနဲ့ ဒီနှစ်မှ ပြန်ပြီးအကောင် အထည်ဖော်ပါတယ်။ အစက ဘတ် ၂၄၀၀ ချမှတ် ထားတာ၊ အခု ဘတ် ၁ ထောင်ထိ လျှော့ချထားတယ်။ အလုပ်သမားတွေ ပြစ်မှု တစုံတရာ ကျူးလွန်ရင် ထိန်းသိမ်းစရိတ်နဲ့ အိမ်ပြန်ပို့စရိတ်လုပ်ဖို့ပါ။ ပြစ်မှု မကျူးလွန်ရင် အိမ်ပြန်တဲ့အခါ ပြန် ထုတ်ပေးပါမယ်၊ အာမခံသဘောမျိုးပါ။”
မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဦးအောင်ကျော်ကတော့ ဒီကိစ္စကို သူတို့ဘက်က သဘောမတူ လို့ တောက်လျှောက် ကန့်ကွက်လာခဲ့တာမှာ ဒီတကြိမ်လည်း နောက်ထပ် ကန့်ကွက်သွားမှာဖြစ်ပြီး ထိုင်းမြန်မာ သံရုံးကလည်းသူတို့နဲ့ သဘောထပ်တူရှိပါကြောင်း ပြောပါတယ်။
“သဘောမတူဘူးဆိုတာက ကျနော်တို့ အလုပ်သမားတွေဟာ တရားမ၀င် အလုပ်သမား သက်သက်ချည်း ဆိုရင်တော့ အချိန်တန်လို့ သူ့နိုင်ငံရဲ့ လုံခြုံရေး အက်ဥပဒေအရ အလုပ်သမား တွေ ဖမ်းဆီးပြန်ပို့ဖို့ ကုန်ကျ စရိတ်တွေ သုံးမယ်ဆိုရင် လက်ခံနိုင်သော်လည်း အခုက အလုပ်သမားတွေ အားလုံး က နှစ်နိုင်ငံသဘောတူစာချုပ်အရ အကုန်လုံး တရားဝင်အလုပ် သမား တွေ ဖြစ်နေပြီ၊ အကယ်၍အိမ်ပြန် မယ် ဆိုရင်လည်း ကိုယ့်စရိတ်နဲ့ ကိုယ်ပြန်နိုင်တဲ့ စွမ်းအားရှိပါလျက်နဲ့ ထိုင်းအစိုးရကနေ အခုလိုနှစ်နဲ့ချီပြီး ဒီဘဏ္ဍာငွေတွေကို သိမ်းထားပြီး အိမ်ပြန်တဲ့ခါမှ ပြန်ထုတ်ပေးမယ်ဆိုတာကို ကျနော်တို့ လက်ခံနိုင်စွမ်း မရှိလို့ပါခင်ဗျ။”
လက်ရှိငွေသွင်းထားပြီးဖြစ်တဲ့ အလုပ်သမားတွေကိုလည်း ငွေလက် ခံဖြတ်ပိုင်းတွေ သိမ်းထား ဖို့နဲ့ တောင်း ဆိုမှု အောင်မြင်ရင် အဲဒီဖြတ်ပိုင်း နဲ့ ပြန်တောင်းမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကလည်း စက်ရုံက အလုပ်သမားတော်တော်များများ သွင်းထားငွေတွေ ပြန်ထုတ်ခဲ့ဖူး တယ်လို့ ဦးအောင်ကျော်က ဆက်ပြော ပါတယ်။
အလားတူ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဥက္ကဌ ဦးကျော်သောင်း ကလည်း အစိုးရလက်ထဲရောက် သွား တဲ့ ပိုက်ဆံကို အလုပ်သမားတွေက ချက်ချင်းပြန်ထုတ်ဖို့ မလွယ်ကူ ကြောင်း၊ ဒီလုပ်ရပ်ဟာ အလုပ် သမားတွေ ကို ဥပဒေကျူးလွန်မယ်လို့ သံသယထားပြီး မယုံကြည် ရာရောက်ကြောင်း ၊ ရွှေ့ပြောင်း အလုပ် သမားတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ်တယ်လို့လည်း ယူဆတဲ့အတွက် တပတ် အတွင်းစောင့်ကြည့် လို့မှ မြန်မာသံရုံးက ဘာမှ မဆောင်ရွက်ဘူးဆိုရင် အလုပ်သမားတွေနဲ့ ဆန္ဒပြဖို့ စီစဉ်နေ တယ် လို့ ပြောပါတယ်။
DVB
No comments:
Post a Comment