Wednesday 2 April 2014

ကြားဖြတ်ရွေးကောက်ပွဲ၌် အက်ဖ်ယူပီ ရန်ကုန်၊ မန္တလေးတွင် အဓိက ပြိုင်မည်

တိုင်းရင်းသားပါတီ ၁၅ ပါတီ ပူးပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUP)သည်၂၀၁၄ ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်နှင့် မန္တလေးရှိ မဲဆန္ဒနယ်ငါးနေရာ၌ အဓိက ၀င်ရောက်ယှဉ်ပြိုင်ရန် ကနဦးဆုံးဖြတ်ခဲ့သည်ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဒေါက်တာ ဂင်ဂျန်ဒါးက ဧပြီလ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
လစ်လပ်နေသော ရန်ကုန်တိုင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လေးနေရာဖြစ်သည့် ပန်းဘဲ တန်း၊ အင်းစိန်၊ တောင်ဒဂုံ၊ လသာနှင့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမဲဆန္ဒနယ်တို့တွင် ၀င် ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဧပြီ ၁ ရက်တွင် ရန်ကုန်ရှိ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) ရုံးချုပ် လမ်းမတော်ကွန်ဒိုတွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီထိ ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲအကြို ညှိနှိုင်းအစည်းအဝေး တွင် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဒု-ဥက္ကဋ္ဌဦးစောသန်းမြင့်က “ကိုယ်စားလှယ်လောင်းတွေကိုတော့ မရွေး ချယ်ရသေးပါဘူး။ မဲဆန္ဒနယ်တွေကိုပဲ ဒီနေ့အစည်းအဝေးက ဆုံးဖြတ်တာပါ။ ကျန်တဲ့နေရာတွေကတော့ သင်္ကြန်ပြီးမှပဲ အစည်းအဝေးထပ်လုပ်ပြီး ဆုံးဖြတ်ဖို့ရှိပါတယ်။ ဥပမာ- ဧရာဝတီတိုင်း ပန်းတနော်လည်း ကျန်သေးတယ်။ ဒီနေ့အစည်းအဝေးကတော့ နယ်ပါတီဝင်တွေမပါဘဲ ရန်ကုန်ကပါတီဝင်တွေပဲ လုပ်တာ မို့လို့ပါ”ဟု ဦးစောသန်းမြင့်က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် ပါတီစည်းရုံးရေးကို သင်္ကြန်ကာလပြီးမှသာ ပြုလုပ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် အသေးစိတ်ပြောဆိုနိုင်ခြင်းမရှိသေးဟု ဒေါက်တာဂင်ဂျန်ဒါးက ဆိုသည်။

အက်ဖ်ယူပီကို ညီနောင်တိုင်းရင်းသားဖက်ဒရေးရှင်းအဖွဲ့ဝင်များဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုး တက် ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ က ယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ တအောင်း(ပလောင်) အမျိုးသားပါတီ၊ အသျှိုချင်းအမျိုးသားပါတီ၊ “၀”ဒီမိုကရက် တစ်ပါတီ၊ “၀”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီသည် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ၏ ကိုယ်ပွားတစ် ခုဖြစ်ပြီး NBF တွင်ပါဝင်သည့် ညီနောင်တိုင်းရင်းသားပါတီများမှ တစ်ပါတီလျှင် တစ်ဦး သို့မဟုတ် နှစ်ဦး ကို မိခင်ပါတီများမှ နုတ်ထွက်စေကာ အက်ဖ်ယူပီပါတီတွင်း ထည့်သွင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပါ တီတည်ထောင်ခွင့်ပြုရန် စက်တင်ဘာလက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ ရာ အောက်တိုဘာလ ၂၈ ရက်တွင် ခွင့်ပြုချက်ရရှိခဲ့သည်။

Mizzima News in Burmese

No comments:

Post a Comment