Wednesday 2 April 2014

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများ ရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်းများ ထပ်မံတောင်းဆို

သံလွင်မြစ်နှင့် ၄င်း၏ မြစ်လက်တက်ပေါ် တည်ဆောက် မည့် နောင်ဖာရေ ကာတာနှင့် မန်တုံရေကာတာ စီမံကိန်းများ တည်ဆောက်မှု ရပ်တန့်ရန် ဒေသခံ ပြည်သူလူထု ၃,၀၀၀ ကျော်နှင့် ရှမ်းလူမှု အဖွဲ့အစည်း များက ကန့်ကွက်လိုက်သည်။
“ပြည်သူလူထုကို တအားကြီး ထိခိုက်မဲ့ စီမံကိန်းကို ရပ်တန့်ဖို့ လုပ်ရခြင်း ဖြစ်တယ်။ စိုးရိမ်စရာကတော့ လူထုတွေ ပြောင်းရွှေ့နေထိုင်ရမယ်။ ပြောင်းရွှေ့ခံရပြီဆိုရင် သူတို့ရဲ့ အိုးအိမ်၊ စိုက်ပျိုးမြေတွေ၊ သူတို့ ဘဝ အသက်ရှင်နေထိုင်မှု၊ ကလေးတွေ အနာဂတ်၊ ပညာရေး၊ ကျန်းမာရေးတွေ၊ သဘောဝ ပတ်ဝန်းကျင်တွေ အကုန်လုံး ထိခိုက် ပျောက်ဆုံးမှာကို စိုးရိမ်တယ်”ဟု ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။

အဆိုပါ ရေကာတာစီမံကိန်းနှစ်ခုအပြင် ကွန်းလုံ၊ ရွာသစ်၊ ဟတ်ကြီး ၊ တာဆန်း စသည့် ရေကာတာ များကိုလည်း ချက်ချင်းရပ်တန့်ပေးရန် ရှမ်းလူမှုအဖွဲ့အစည်းများက ဧပြီလ ၁ ရက်တွင် ကြေငြာချက် ထုတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် စီမံကိန်းများအားလုံး ရပ်တန့်ပေးရန် ရှမ်းပြည်နယ်၊ မန္တလေး၊ တောင်ကြီး၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မိုင်နောင်၊ ကျေးသီ၊ မိုင်းပန်၊ နမ့်ခမ်း၊ လားရှိုး၊ ပင်လုံ၊ ဟိုပုန်း၊ ခွန်ဟိန်း၊ စသည့် မြို့နယ် ပေါင်း ၁၆ မြို့နယ်မှ ဒေသခံ ၃၀၀၀ ကျော် လက် မှတ် ရေးထိုးသည့် လှုပ်ရှားမှု နှစ်လခန့်ကြာ ကောက်ခံ၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည် ဟု ရှမ်းလူမှု အခြေပြုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖက ပြောသည်။

“ကျမတို့ ဒီကြေငြာချက်ထုတ်ဖို့ တစ်လကျော် ၂ လနီးပါး သံလွင်မြစ်ပေါ်ဆောက် မဲ့ ဆည်အားလုံးကို ကန့် ကွက်တယ်။ လက်မှတ်ရေးထိုးကန်ပိန်းလုပ်တယ် ပြည်တွင်းမှာ။ ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်း လုပ်ဖြစ် တယ်။ လက်မှတ် သုံးထောင်ကျော်ရတယ်”ဟု ယိင်းဟန်ဖက ပြောသည်။

ထိုအစည်းအဝေးတွင် ရေကာတာ စီမံကိန်းအားအကောင်အထည်ဖော်ရန် အနှစ် ၄၀ ကြာ လက်မှတ်ရေးထိုး ထားပြီးဖြစ်ကာ ထုတ်လုပ်ရရှိမည့် ရေအား လျှပ်စစ် ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ သို့ ရောင်းချမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းအား မြန်မာနိုင်ငံတွင် အသုံးပြုမည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ပါရှိသည်။

‪Mizzima‬ - News in Burmese

No comments:

Post a Comment