Wednesday 2 April 2014

တိုင်းရင်းသားများနှင့် သွေးစည်းညီညွတ်မှုရရန် NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ၁၉၉၀ အမတ်များ အကြံပြု

NLD ပါတီအနေဖြင့် တိုင်းရင်းသားများနှင့် အမှန်တကယ် သွေးစည်းညီညွတ်မှု ရရှိစေရန်အတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အပါအ၀င် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲများ၌လည်း သက် ဆိုင်ရာ တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့ပြီး တိုင်းရင်းသားဒေသများတွင် NLD ပါတီက ဒေသခံ တိုင်း ရင်းသားတို့နှင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ အခွင့်အရေးပေးရန် လိုအပ်သည်ဟု ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်များက ပြောကြားသည်။
၁၉၉၀ ရွေးကောက်ခံ သဲကုန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းထွန်းက “ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကနေရာ ၃၀ လုံး ၀င်ပြိုင်မယ်ဆိုတာကို ကျွန်တော်သဘောမတူဘူး။ တိုင်းရင်းသားဒေသတွေက နေရာကို တိုင်းရင်းသားတွေကိုပဲ ပေးသင့်ပါတယ်။ ရခိုင်၊ ကချင်၊ ကရင် စတဲ့ ဒေသတိုင်းရင်းသားတွေကိုပဲ ဦးစားပေးသင့်တယ်။ အလားတူပဲ ၂၀၁၅ မှာလည်း တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေကို ဦးစားပေးရမယ်။ ဒါဆိုရင် တိုင်းရင်းသားတွေအားလုံး ပါဝင်တဲ့ အင်အားစုတစ်ခုကို ရမယ်။ အဲဒါဆိုရင် ဒီမိုကရေစီစနစ်ကို ကောင်းကောင်းမောင်းနှင်နိုင်တဲ့ အင်အားစုတစ်ခု ပေါ်လာမှာပါ” ဟု ပြောကြားသည်။

ထို့အတူ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်ကလည်း ၎င်းတို့က NLD ပါတီအနေဖြင့် တိုင်းရင်းသားဒေသ ခုနစ်ပြည်နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ဘဲ တိုင်းရင်းသားများအား အခွင့်အရေး ပေးသင့်သည့်အပြင် ဒီမိုကရေစီစနစ်ကို လိုလားသည့် တိုင်းရင်းသား ပါတီများကိုလည်း NLD အနေဖြင့် ထောက်ပံအားပေးသင့်ကြောင်း အကြံပြုပြောကြားရန် ရှိသည်ဟု လည်း ပြောကြားသည်။

ထို့နောက် ဆက်လက်ပြီး ဦးဒေးဗစ်လှမြင့်က ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အနေနှင့် သင်္ကြန်ပြီးနောက်ပိုင်း တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်လည်း တွေ့ဆုံ ကာ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး စသည့်အချက်များကို ဆွေးနွေးသွားမည့် အကြောင်းကိုလည်း ပြောကြားခဲ့သည်။

ဦးဒေးဗစ်လှမြင့်က “တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်ထောင်စုညီလာခံတစ်ခု ပြုလုပ်ဖို့အ တွက် ဆွေးနွေးမှာပါ။ နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ လုပ်နေ တဲ့ ဆွေးနွေးပွဲတွေမှာ တချို့သောအချက်တွေက မပြေလည်ကြဘူး။ လက်ရှိအစိုးရက မူရှစ်ချက်ချထားပြီး ကြိုတင်ကန့်သတ်ထားချက်တွေ ရှိနေတဲ့အတွက် ရလာမယ့် ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ တကယ်စစ်မှန်ဖို့ ငြိမ်းချမ်းရေးရဖို့ ခက်တယ်” ဟု ပြောကြားသည်။

ထို့နောက် ၎င်းကဆက်လက်ပြီး အစိုးရပြောဆိုနေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား လက်နက်များကို စွန့်ပစ်ပြီး နိုင်ငံရေးပါတီထောင်ကာ ရွေးကောက်ပွဲ ၀င်ခိုင်းနေခြင်းက ပြဿနာများ၏ အဖြေ မဟုတ်ကြောင်း ပြောဆိုလိုက်ပြီး တိုင်းရင်းသားများ လက်မခံသည့် ၂၀၀၈ အခြေခံဥပဒေအောက်တွင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခိုင်းနေခြင်းမှာ တစ်ဖက်သတ်ကျသည်ဟုလည်း မှတ်ချက်ပေးခဲ့သည်။

နှစ်ဖက်အငြင်းပွားနေသည့် ဖယ်ဒရယ်တပ်မတော်နှင့် ပတ်သက်၍ ဦးဒေးဗစ်လှမြင့်က “ဟိုအရင်ကလည်း တပ်ထဲမှာ ချင်းသေနတ်ကိုင်တပ်ရင်းတို့၊ ကချင်တပ်ရင်းတို့ဆိုတာ ရှိခဲ့တယ်။ အခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း အခုရှိနေတယ်။ ဗမာ့တပ်မတော်လည်း ရှိတယ်ဆိုတော့ ဒီကိစ္စကို နှစ်ဖက် စလုံးက ပြေပြေလည်လည် ရှင်းသင့်တယ်လို့ မြင်ပါတယ်။ ဒီကိစ္စကို ပြေလည်အောင် ရှင်းနိုင်ဖို့ကလည်း ငြိမ်းချမ်းရေးအတွက် အရေးကြီးပါတယ်” ဟု ပြောကြားသည်။

၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို မတ် ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သည့် ၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ၂၅ ဦးရှိကာ လုပ်ငန်းကော်မတီ ၁၄ ခု ဖွဲ့စည်းထားကြောင်း သိရသည်။ ထိုအဖွဲ့ အနေဖြင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန် အပါအ၀င် လွှတ်တော်ပြင်ပ နိုင်ငံရေးများအား ပြုလုပ် မည်ဖြစ်ကြောင်းကိုလည်း ကြေညာထားသည်။

Eleven Media Group

No comments:

Post a Comment