Monday 13 July 2015

ဇလွန်ရေကာတာ ကျိုးမကျစေရန် အရေးပေါ်ကာကွယ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ တစ်ခရိုင်လုံးကို ရေကြီးမှု ဘေးအန္တရာယ်မှ ကာကွယ်ထားသော ဇလွန်ရေကာတာနှင့် ၆၅ ပေခန့် အကွာတွင် ဧရာဝတီမြစ်ရေ အရှိန်ပြင်းစွာ တိုက်စားမှုကြောင့် ကမ်းပြိုကျမှုများ ဖြစ်ပွားနေသဖြင့် ရေကာတာမကျိုးစေရန် ဒေသခံများ၏ အကူအညီဖြင့် အရေးပေါ်ကာကွယ်နေရကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။

အရှည် ၂၀၁ မိုင်ကျော် ရှိသော ဇလွန်ရေကာတာ၏ ၁၈ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားတွင် ဇူလိုင်လ ၁၁ ရက် ညပိုင်းက ကမ်းပြိုမှုဖြစ်ပွားရာ ရေကာတာအနီးရှိ ဇလွန်မြို့နယ် တောင်ပို့တရာအုပ်စု ဝါသာလှမေဒုံကျေးရွာ အတွင်း ဒေသခံသုံးရာက သစ်ဝါးများတားခြင်း၊ ထောက်ခြင်းများ အပါအဝင် ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာနတို့က ဆည်မြောင်းနည်းပညာဖြင့် သံဆန်ခါများတပ်ခြင်း၊ ရေလမ်းကြောင်း တားခြင်းများကို အရေးပေါ်ပြုလုပ်နေကြောင်း ခရိုင်ဆည်မြောင်း ဦးစီးဌာနထံမှ သိရသည်။

ကျွမ်းကျင်လုပ်သားများနှင့် အရေးပေါ်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေစဉ် ကမ်းပြိုမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် လူအင်အားသုံး ကာကွယ်နေသည့် နေရာများတွင် ကမ်းပြိုမှု လျော့နည်းသွားသော်လည်း ကာကွယ်ရေး မလုပ်ရသေးသည့် နေရာများ၌ ဆက်လက်ပြိုကျနေခြင်းကြောင့် အမြန်ဆုံးအန္တရာယ်ကင်းစေရန် ဆောင်ရွက်လျက်ရှိကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလွင်က ပြောကြားသည်။

၂၀၁၄ ခုနှစ်က တည်ဆောက်ပေးခဲ့သော ပန်းတာအသစ်ရှေ့ရှိ ပန်းတာအဟောင်း ပြိုကျပါက အိမ်ခြေ ၂၀၀ ကျော် ထိခိုက်နိုင်သောလည်း တာဟောင်းပြိုကျပါက ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်ခရိုင် ကျုံပျော်၊ ရေကြည်နှင့် ငသိုင်းချောင်းမြို့၊ ဟင်္သာတခရိုင် မြို့နယ်ခြောက်ခု၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ် အပါအဝင် မြို့အများစုနှင့် ဧရာဝတီတိုင်းဒေသကြီး၏ စပါးစိုက်ဧရိယာ ထက်ဝက်နီးပါး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လူအင်အားသုံးကာ ကာကွယ်နေရကြောင်း ဟင်္သာတနှင့် ဇလွန် ဒေသခံများက ဆိုသည်။

ဒေသခံများ၏ တင်ပြချက်များအပြင် ကိုယ်တိုင်တွေ့ရှိချက်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တင်ပြပြီး သက်ဆိုင်ရာ ဌာနများနှင့်လည်း အမြန်ဆုံးဆက်သွယ်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးလှခိုင်က ပြောကြားသည်။

“အရင်ရက်တွေကတည်းက ဆည်မြောင်းက မစိုးရိမ်ရဘူးဆိုပြီး ကြိတ်လုပ်နေတာ။ ဒေသခံတွေကလည်း တစ်ပိုင်တစ်နိုင် ဝိုင်းလုပ်ပေးတယ်။ ဆည်မြောင်းရဲ့ အင်အားနဲ့မရလို့ ဘေးရွာတွေ အားလုံးက အင်နဲ့အားနဲ့ လုပ်ရတာပါ။ နောက်ထပ် ပန်းတာလုပ်ဖို့ နေရာမရှိတော့ဘူး။ နောက်မှာ ဒူးယားအင်းကြီးပဲ ရှိတယ်” ဟု ဟင်္သာတ ဒေသခံ သတင်းစာဆရာတစ်ဦးက ဆိုသည်။

ရေကာတာအဟောင်း ပြိုကျခဲ့ပါက စိုးရိမ်ရန်မရှိဟု သုံးသပ်နေကြသော်လည်း တာအသစ်နှင့် အဟောင်းကြား၌ လူနေအိမ်ခြေ ၁၆၆လုံး၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ စေတီတော်နှစ်ဆူတို့မှာ ရေဘေးသင့်နိုင်သည့် အခြေအနေ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ တာအဟောင်းအနီး ၆၅ ပေခန့်အထိ ကမ်းပြိုကမ်းစားဖြစ်၍ မဖြစ်မနေ ဒေသခံ အင်အားသုံးရာနီးပါးက ဝိုင်းဝန်းကာကွယ်နေရခြင်း ဖြစ်ကြောင်း တောင်ပို့တရာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဦးက ပြောကြားသည်။

ပန်းတာအသစ်နှင့် ပန်းတာအဟောင်း၏ ဝမ်းဗိုက်အတွင်း မေဒုံရွာတွင် အိမ်ခြေ ၁၄ လုံး၊ သရက်နှစ်ပင်ရွာမှ အိမ်ခြေသုံးလုံး၊ ဂွေးတောက်ချောင်းရွာတွင် အိမ်ခြေ ၇၁ လုံး၊ ဝါသာလှရွာမှာ အိမ်ခြေ ၇၈ လုံးနှင့် လူဦးရေ ၆၉၂ ယောက်ရှိရာ ရေဘေးလွတ်မြောက်သည့် နေရာသို့ ရှောင်တိမ်းရန် စိုးရိမ်စိတ်ဖြင့် ပြင်ဆင်နေကြကြောင်း၊ ရေကာတာဘေးရှိ နေရာလွတ်ပေါ် တက်ရောက် နေရာယူနေခြင်းကြောင့် ရေကာတာကို ထိန်းသိမ်းနေရသည့် ဆည်မြောင်းဦးစီးဌာနက လက်ရှိအခြေအနေတွင် နေရာမယူကြရန် တိုက်တွန်းနေခြင်းကြောင့် သဘောထားကွဲလွဲမှုများလည်း ရှိကြောင်း ရွာမိရွာဖ ဦးစိန်မြင့်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment