Monday 13 July 2015

တရုတ်ကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် ချန်ဟွမ်မုန်တိုင်း အားလျော့လာ

တရုတ်နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့သည့် ချန်ဟွမ် စူပါတိုင်ဖွန်း မုန်တိုင်းကြီးသည် ယခုအခါ အပူပိုင်း မုန်တိုင်းအဆင့်သို့ အားပျော့သွားပြီး ကိုရီးယား ကျွန်းဆွယ်ဘက် ဆက်လက်ဦးတည် ရွေ့လျားနေကြောင်း သိရှိရသည်။

လက်ရှိတွင် ချန်ဟွမ်၏ လေတိုက်နှုန်းသည် တစ်နာရီ ၅၂ မိုင်နှုန်းမျှ ရှိနေပြီး တောင်ကိုရီးယား ကမ်းခြေသို့ ဦးတည်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တောင်ကိုရီးယားတွင် လေပြင်းများ တိုက်ခတ်မှုနှင့် မိုးသည်းထန်မှုတို့ကြောင့် လေကြောင်းခရီးစဉ် အချို့ကို ဖျက်သိမ်းထားရသည်။

ချန်ဟွမ်သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က တရုတ်နိုင်ငံ အရှေ့ပိုင်း ဇီဂျီအန်း ဒေသရှိ နင်ဘို ဆိပ်ကမ်းအနီး ဇူရှန်းမြို့ကို တစ်နာရီလျှင် မိုင် ၁၀၀ ကျော်နှုန်းဖြင့် ဖြတ်သန်း တိုက်ခတ်ပြီး မြောက်ဘက်သို့ ဆက်လက် ရွေ့လျားခဲ့သည်။ အစောပိုင်းက ၁၉၄၉ ခုနှစ်၊ ကွန်မြူနစ် အစိုးရ တက်လာသည့်နောက်ပိုင်း တရုတ်သမိုင်းတွင် အဆိုးဆုံး မုန်တိုင်း ဖြစ်မည်ဟု ခန့်မှန်းခဲ့သော်လည်း ချန်ဟွမ်သည် ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းတွင် စူပါတိုင်ဖွန်း အဆင့်မှ တိုင်ဖွန်းအဆင့်သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။ ထို့နောက် ကုန်းတွင်းပိုင်းကို ဖြတ်သန်းစဉ် ပိုမို အားလျော့သွားပြီး ထို့နောက်တွင်မူ အပူပိုင်း မုန်တိုင်းအဆင့်ထိ ရောက်ရှိသွားသည်။

ချန်ဟွမ် ဖြတ်သန်း တိုက်ခတ်စဉ် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အသေအပျောက်စာရင်း တစ်စုံတစ်ရာ မကြားသိရချေ။ သို့သော်လည်း မုန်တိုင်း မဝင်ရောက်မီတွင် လူပေါင်း ၁.၁ သန်းကျော်ကို ကြိုတင် ရွှေ့ပြောင်းပေးထားခဲ့သည်။ 

ချန်ဟွမ်သည် တရုတ်နိုင်ငံသို့ တစ်ပတ်အတွင်း ဒုတိယမြောက် ဝင်ရောက်တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းသို့ လင်ဖာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ရာတွင်လည်း လူပေါင်း ၅၆၀၀၀ ကျော် ဘေးလွတ်ရာ ကြိုတင် ရွှေ့ပြောင်းခဲ့ရသည်။ 

_Ref: CBS News
7Day DAILY 

No comments:

Post a Comment