Monday 13 July 2015

ရတနာပုံ-ရန်ကုန်ပွဲစဉ် ပြစ်ဒဏ်ချမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြ

ရန်ကုန်ယူနိုက်တက်အသင်းကို အားပေးသော ပရိသတ်များနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်ဝါရီယာဖန်ကလပ် အဖွဲ့ဝင်များက ရတနာပုံ-ရန်ကုန်ယူနိုက်တက် ပွဲစဉ်၌ ဖြစ်ပွားခဲ့သော ပြဿနာများနှင့် ပတ်သက်၍ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်သော ပြစ်ဒဏ်ကို လက်ခံနိုင်ခြင်း မရှိကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

အောင်ဆန်းအားကစား ပြိုင်ကွင်း၌ ယင်းနေ့က ကျင်းပသည့် GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်မကစားမီ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။

“ရတနာပုံကွင်းမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာ ရန်ကုန်ပရိသတ်တွေ အားလုံးအသိပါ။ ကျွန်တော်တို့ကွင်း (YUFC မြက်ခင်းတုကွင်း) မှာတုန်းက ရေသန့်ဘူးနှစ်ဘူးပဲ ဝင်တာကို ဒဏ်ငွေ သိန်း ၂၀ ချခဲ့တယ်။ ရတနာပုံကွင်းမှာ အရာဝတ္ထုတွေ အများကြီးဝင်ခဲ့တာကိုတော့ ဒဏ်ငွေ ၁၀ သိန်းပဲ ချခဲ့တယ်။ မမျှတဘူးလို့ ခံစားရတာကြောင့် ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ သိအောင် လုပ်ဆောင်ရတာ” ဟု ရန်ကုန်ဝါရီယာ ဖန်ကလပ်ဝင်တစ်ဦး ဖြစ်သည့် ဦးဘိုဘိုအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ရတနာပုံ- ရန်ကုန် ပွဲစဉ်တွင် ဖြစ်ပေါ်ခဲ့သော ပြဿနာရပ်များအတွက် ရတနာပုံအသင်းကို ဒဏ်ငွေ ကျပ် ၁၀ သိန်း ချမှတ်ခဲ့ခြင်း၊ ရတနာပုံအသင်းနည်းပြ ရီနီနှင့် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြတို့ကို ဒဏ်ငွေ ကျပ် ၅ သိန်းစီ ချမှတ်ခဲ့ခြင်း၊ ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား ကြည်လင်းကို နှစ်ပွဲပယ် (လိဂ်ပွဲ) ပြစ်ဒဏ်နှင့် ကျပ်နှစ်သိန်း ဒဏ်ရိုက်ခဲ့ခြင်းတို့ကြောင့် ရန်ကုန်ဝါရီယာ ဖန်ကလပ် အဖွဲ့ဝင်များက ယင်းသို့ ဆန္ဒပြထုတ်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက “ရတနာပုံအသင်းကို ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်က မျှတတယ်လို့ ထင်ပါတယ်။ ဒီထက် ပိုပြီးဒဏ်ငွေချလို့လည်း မရပါဘူး။ အသင်းတွေ အနေနဲ့ ကွင်းဝင်ကြေးက လွဲရင် ဘာမှပြန်မရဘူး ဆိုတော့ ဒီအချိန်မှာ ကျပ် ၁၀ သိန်းဆိုတဲ့ငွေက သင့်တင့်မျှတပါတယ်။ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ထဲမှာ ရတနာပုံအသင်း အနေနဲ့ နောက်လာမယ့် ပွဲစဉ်တွေမှာ ပရိသတ်တွေ ပြဿနာ ထပ်မဖြစ်အောင် ထိန်းသိမ်းပေးဖို့ ပါတယ်။ သူတို့မလုပ်နိုင်ရင် ကွင်းပြောင်းကျင်းပဖို့လည်း ပါတယ်။ သူတို့တာဝန်ယူပြီးမှ ထပ်ဖြစ်လာရင် ဒီထက်ပိုတဲ့ ပြစ်ဒဏ်ချမှတ်သွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ အခုအချိန်မှာ ဒီထက်ပိုတဲ့ ပြစ်ဒဏ်ချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ဒိုင်ကော်မတီကလည်း ယင်းပွဲစဉ်တွင် တာဝန်ယူခဲ့သော ကွင်းလယ်ဒိုင်လူကြီးကို ငါးပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အကူဒိုင် (၁) နှင့် စတုတ္ထ ဒိုင်လူကြီးတို့ကိုလည်း သုံးပွဲပယ် ပြစ်ဒဏ်များ ချမှတ်ခဲ့သေးသည်။

The Voice Weekly

No comments:

Post a Comment