Monday 13 July 2015

တပ်မတော်ကို အထင်အမြင်လွဲစေသည့် ကိစ္စများကျူးလွန်ပါက ထိရောက်စွာအရေးယူမည်ဟု ကြေညာချက် ထုတ်ပြန်

တပ်မတော်အပေါ်ပြည် သူလူထုက အထင်အမြင်လွဲမှားစေနိုင်သော၊ပြည်သူနှင့်တပ်မတော်ကြားယုံကြည်မှုပျက်ပြားစေ နိုင်သော၊ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေနိုင်သောကိစ္စရပ်များ ကျုးလွန်ပါက တပ်မတော်အနေဖြင့် ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်က ထောက်ပံ့ပေးထားသည့် မြ၀တီသတင်းဌာနက ဇူလိုင်၁၁ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီအတွင်းက ကချင်ပြည်နယ်ဗန်းမော်မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် အသက်(၇၃)နှစ်အရွယ်အဘွားအိုတစ်ဦးကို နေအိမ်ကျူးကျော်ဝင်ရောက်မှု၊ သားမယားပြုကျင့်ရန် ကြံစည်မှုနှင့်သတ်ဖြတ်ရန်ကြိုးစားမှုတို့ဖြင့် စွပ်စွဲခံရသည့်စစ်သည်တစ်ဦးအားထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခဲ့သည့်သတင်းကို ထုတ်ပြန်ရာတွင် မြ၀တီက အထက်ပါအတိုင်းရေးသားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါစစ်သည်ကို ဇွန်လ၂၂ရက်ကတည်းက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၁၉ရက်အကြာတွင် မြ၀တီသတင်းဌာနက ထုတ်ပြန်သည့်သတင်းကို ယင်းကဲ့သို့ ကတိက၀တ်ပြုခဲ့ခြင်းဖြစ်သည်။

ပြစ်မှုသုံးခုဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ်ချခံခဲ့ရသည့် အဆိုပါစစ်သည်သည် ယခင်ကတည်းက ခင်မင်ရင်းနှီးစွဲရှိသည့် နေအိမ်သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သားမယားပြုကျင့်ခဲ့ခြင်းရှိ၊မရှိ ကာယကံရှင်နှင့်စစ်သည်တို့ကို ဆေးစစ်ဆောင်ရွက်ခဲ့ရာတွင် သားမယားပြုကျင့်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုမြ၀တီသတင်းက ရေးသားသည်။

‘‘ပြည်သူလူထုက တပ်မ တော်အပေါ် အထင်အမြင်လွဲမှား စေနိုင်ပြီး အကြည်ညိုပျက်စေနိုင် သောဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့်တပ် မတော်အနေဖြင့် တပ်မတော်အက်ဥပဒေနှင့်အညီ စစ်တရားရုံးဖြင့်စစ်ဆေးခဲ့ပြီး ယင်းစစ်သည်ကိုဇွန်လ၂၂ရက်တွင် ပြစ်မှု၏အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သောနယ်ဘက်အကျဉ်းထောင်တွင် ထောင်ခုနစ်နှစ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ သည်’’ဟု မြ၀တီသတင်းဌာနက ရေးသားခဲ့သည်။

ပြစ်ဒဏ်ကျခံခဲ့ရသည့်အဆို ပါစစ်သည်ကို သားမယားပြုကျင့် မှုဖြင့် အရပ်ဘက်တရားရုံးတွင်အ ရေးယူနိုင်ရန် ဗန်းမော်မြို့ခံအမျိုး သမီးအရေးလှုပ်ရှားသူများက ဆောင်ရွက်နေကြောင်း ကချင်နှစ် ခြင်းအသင်းတော်(KBC)အထွေထွေအတွင်းရေးမှူးဒေါက်တာခလမ်ဆမ်ဆွန်ကပြောသည်။
‘‘ကျွန်တော်တို့က တပ်မ တော်တစ်ခုလုံးကိုမရည်ရွယ်ဘူး။ လုပ်တဲ့လူကိုပေါ့နော်။ လုပ်တဲ့လူ ကို သူ့ပြစ်မှုနဲ့သူရှိစေချင်တာပေါ့။ အားလုံးကိုတော့မရည်ရွယ်ဘူး။ လုပ်တဲ့သူကိုပဲ ပြစ်ဒဏ်ချမှတ်ရင် ပြီးပြီ။ ဖြစ်စေချင်တာအဲဒါပဲ’’ဟု ဒေါက်တာခလမ်ဆမ်ဆွန်ကပြော သည်။

ထို့ကြောင့်တပ်မတော်က ၎င်းစစ်သည်အား တရားဥပဒေနှင့် အညီအရေးယူဆောင်ရွက်နိုင်ရန် ရပ်ရွာမှ စွပ်စွဲသည့်အတိုင်း ပြစ်မှုကျူးလွန်ခြင်းရှိ၊မရှိစစ်ဆေးနေစဉ်ကာလအတွင်း ဗန်းမော်မြို့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အသင်း(KBC)ကဦးဆောင်၍ ဆန္ဒဖော်ထုတ်စီတန်းလှည့်လည်မှုများပြုလုပ်ခဲ့ကြောင်း မြ၀တီကရေးသားထားသည်။

7Day DAILY

No comments:

Post a Comment