Monday 13 July 2015

မြဝတီ-ကော့ကရိတ်လမ်းအနီး မြေမြှုပ်မိုင်းများ ရှိသောကြောင့် ဒေသခံများ အသွားအလာ ဆင်ခြင်ကြရန် BGF သတိပေး

တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သော မြဝတီ- ကော့ကရိတ် အာရှလမ်းအနီး မြေမြှုပ်မိုင်းများ ရှိနေသောကြောင့် ဒေသခံများ အသွားအလာ ဆင်ခြင်ရန် လိုအပ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ဗိုလ်မှူး နိုင်မောင်ဇော်က The Voice သို့ ပြောကြားသည်။

အဆိုပါလမ်းပိုင်းကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် BGF အဖွဲ့ဝင်များ ပူးပေါင်း လုံခြုံရေးယူပြီးနောက် မြေမြှုပ်မိုင်းများ ရှင်းလင်းလျက် ရှိသော်လည်း စိတ်ချရသော အခြေအနေ မရှိသေးကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ အဓိက လမ်းဘေးဝဲယာကိုပဲ ရှင်းရသေးတယ်။ အဲဒီတော့ လမ်းဘေးမှာရှိတဲ့ လယ်ယာစိုက်ဖို့ သွားကြလာကြတဲ့အခါ သတိထားဖို့ လိုပါတယ်။ ကျွန်တော်တို့က ကြားရသလောက် တစ်ဖက်က မြေမြုပ်မိုင်းတွေကို ကောက်စိုက်သလို ကြဲသွားတယ်ဆိုတဲ့ သတင်းရထားတယ်” ဟု ၎င်းကဆိုသည်။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုးဂိတ်ဖွင့်လှစ်ကာ မော်တော်ယာဉ် ဖြတ်သန်းခ ကောက်ခံနေသော DKBA တပ်ဖွဲ့ဝင်များနှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်သော တပ်မတော်စစ်ကြောင်းတို့ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ကော့ကရိတ်မြို့နယ် အတွင်းရှိ DKBA ထိန်းချုပ်ထားသော ဒေသများတွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် အစိုးရနှင့် DKBA၊ KNU နှင့် KNU/KNLA-PC တို့ ဆွေးနွေးကြသော်လည်း တိကျသောအဖြေ မထွက်ကြောင်း DKBA ထံမှ သိရသည်။

ယင်းနောက် ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းပိုင်းကို တပ်မတော်နှင့် BGF ပူးပေါင်းလုံခြုံရေးယူခဲ့ပြီးနောက် မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ခွင့်ပြုထားသော်လည်း လမ်းဟောင်းကိုမူ လုံခြုံရေး အခြေအနေအရ ဖြတ်သန်းခွင့် မပြုသေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲများအတွင်း အာရှလမ်းသစ်ပေါ်တွင် ထိတွေ့မှုပေါင်း အကြိမ် ၂၀ နှင့် လမ်းဟောင်းတွင် ထိတွေ့မှု ၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး DKBA ဘက်မှ အလောင်းလေးလောင်းနှင့် တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးမိပြီး တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံးကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက မေလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။

The Voice Weekly 

No comments:

Post a Comment