Thursday 28 May 2015

မဟုတ်တာလုပ်ပြီး ကြောက်နေတဲ့ KIA

မီဒီယာခေတ်မှာ တိုက်ပွဲသတင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ မြင်တွေ့ကြားသိခွင့်ရနေပါတယ်။ ဓါတ်ပုံ တွေ၊ သတင်းတွေနဲ့ အွန်လိုင်းပေါ်မှာ သူ့ထက်ငါအပြိုင်တင်နေကြတဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်နေပြီ ဆိုတာအစ သိနေရပါတယ်။ သာဓကအနေနဲ့ လောက်ကိုင်တိုက်ပွဲတွေဖြစ်တုန်းက အွန်လိုင်းပေါ်မှာ ကြည့်ရုံနဲ့ ဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီလဲဆိုတာ သိရတဲ့အခွင့်အရေးပါ။ အစိုးရတပ်က ဘယ်တောင်ကုန်းကို သိမ်း လိုက်ပြီ၊ MNDAA ဘက်က ဘယ်လောက်ကျပြီ၊ ဘယ်လိုဆုတ်ခွာသွားပြီစသဖြင့် သိခဲ့ရပါတယ်။ သတင်းဌာန တွေက ရေးသားဖော်ပြကြသလို တချို့ Personal Account တွေကလည်း Status အနေနဲ့ ရေးသားလာကြပါ တယ်။ အဲဒီလို တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ရေးသား လာတာတွေ့ရပါတယ်။

လောက်ကိုင်မှာ တိုက်ပွဲတွေဖြစ်နေသလို ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ ဘာ့ကြောင့်ဖြစ် ရတယ်ဆိုတာ အကြောင်းအရင်းရှိပါတယ်။ လောက်ကိုင်မှာ ဖြစ်တာက MNDAA အဖွဲ့က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ပြန်တိုက်လို့ အစိုးရတပ်အနေနဲ့ ကာကွယ်ရင်း တိုက်ပွဲဖြစ်ရတာ။ ကချင်မှာကတော့ သစ်ခိုးဂိုဏ်းတွေကို အစိုးရတပ်တွေက လိုက်လံဖမ်းဆီးရင်း KIA က စပစ်လို့ဖြစ်ရတဲ့တိုက်ပွဲပါ။ သူ့ဘက်ကိုယ့် ဘက်အပြိုင်အဆိုင်ရေးသားကြတဲ့ တိုက်ပွဲဖြစ်စဉ်၊ ထူးခြားသတင်းလေးတွေကို လိုက်ဖတ်ရင်း Status တစ်ခုမှာ အထူးစစ်သတင်းဆိုပြီး ခေါင်းစဉ်တပ်ထားလို့ စိတ်ဝင်တစားဖတ်လိုက်မိပါတယ်။
ခေါင်းစဉ်နဲ့ အောက်မှာရေးသားထားတာတွေ၊ ဓါတ်ပုံတွေဟာ တစ်ခြားစီဖြစ်နေပါတယ်။ KIA တပ်စခန်းတွေ အနီး ၀ယ်ဂျောင်ဘွမ်နဲ့ ဘွမ်စဲန်ဘွမ်ကြားလမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ အစိုးရတပ်ယာဉ်တန်းကို ဓါတ်ပုံရိုက်ပြီး တင်တယ်။ အဲဒီ KIA တပ်စခန်းတွေကို အစိုးရတပ်က အင်အား ၄၀၀ လောက်နဲ့ ထိုးစစ်ဆင်တယ်။ အဲဒါ ကြောင့် KIA စခန်းနှစ်ခုကနေ ဆုတ်ပေးလိုက်ရတယ်။ အစိုးရတပ်ကို KIA နဲ့ အခြားတိုင်းရင်းသားလက်နက် ကိုင်တွေပူးပေါင်းပြီး တိုက်ဖို့ လှုံ့ဆော်ထားတဲ့သတင်းဖြစ်နေတာတွေ့ရပါတယ်။ စခန်းတွေအတိုက်ခံရတာ မခံရတာ မသေချာပေမယ့် အဲဒီ Status ရေးတဲ့သူရဲ့ ရည်ရွယ်ချက်က အစိုးရယာဉ်တန်းတွေ ဖြတ်သန်း သွားလာနေတာကို အပြစ်တင်ချင်တဲ့ သဘောပါ။ အဲဒီဓါတ်ပုံကိုပြပြီး ထိုးစစ်ဆင်တယ်ဆိုပြီး လုပ်တာပါ။
အဲဒီနယ်မြေဒေသမှာနေထိုင်ခဲ့ဖူးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အစိုးရတပ်က ယာဉ်တန်းဖြတ်တာ ကိုကျ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေခြင်းအား တရုတ်ဘက်က သစ်ကားတွေ၊ မှောင်ခိုကား တွေလာတော့ ဘာသံမှ မထွက်ဘူးလို့ ဟာသလုပ်ပြီး ပြောသွားကြပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်-မြန်မာနယ်စပ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို မေးမြန်းကြည့်တဲ့အခါ “ တရုတ် ရွှေလီဘက်ကလာတဲ့ သစ်မှောင်ခိုကားတွေ၊ တရားမ၀င်မှောင်ခိုကုန်ပစ္စည်းကားတွေလည်း ဖြတ်သွား နေတာပဲလေ၊ အဲဒါကိုတော့ KIA က ဘာမှမပြောပါလား။ အဲဒီကားတွေဖြတ်သန်းခွင့်ကို KIA က တစ်ရာသီ အတွက် ယွမ် သန်း ၄၅၀ ယူထားတယ်။ ဒါတွေကို သယ်တဲ့နေရာမှာ KIA က အစောင့်လိုက်ပေးရတယ်။ အစိုးရတပ်တွေကသိလို့ လိုက်ဖမ်းတာခံရတော့ ဟိုဘက်က မကျေနပ်ဘူး။ ဒီတော့ KIA ဆီပေးထားတဲ့ ငွေတွေကို ပြန်လာတောင်းတာပေါ့။ ငွေပြန်တောင်းတော့ KIA က အဲဒီလူတွေကို ဖမ်းထားလိုက်တယ်၊ အဲဒီ အဖြစ်မှန်တွေကျတော့ ဘာဖြစ်လို့ မရေးတာပါလိမ့်” ဟု ပြောကြားသွား ပါတယ်။
အစိုးရတပ်ယာဉ်တန်းတွေ ဖြတ်သန်းသွားလာမှုကို ဓါတ်ပုံရိုက်ပြီး မဟုတ်မမှန် ရေးသားထားခြင်းဟာ ရိုးသားတဲ့ လုပ်ရပ်ဟုတ်ရဲ့လားမေးချင်တာပါ။ KIA တကယ်ရိုးသားတယ်ဆိုရင် လွယ်ပါတယ်။ ဒီနေ့ KIA ဘာဝင်ငွေနဲ့ ရပ်တည်နေလဲ၊ အဲဒီဒေသမှာ နေထိုင်တဲ့ ဒေသခံတွေကတော့ အသိဆုံးဖြစ်ပါလိမ့်မယ်။ KIA က အခကြေးငွေ ယူပြီး သစ်ခိုးထုတ်ခွင့်ပြုနေတဲ့ သစ်ခိုးဂိုဏ်းတွေကို အစိုးရတပ်တွေက မကြာခဏ ဖမ်းဆီးရမိနေပါတယ်။ ဒါကို KIA က ဘယ်တော့မှ ၀န်မခံဘူး၊ သစ်ခိုးဂိုဏ်းတွေကို အစိုးရတပ်တွေ သွားရောက်ရှင်းလင်းတဲ့အခါတိုင်း KIA နဲ့ တိုက်ပွဲဖြစ်ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီသစ်ခိုးဂိုဏ်းတွေကို KIA က ကာကွယ်ထားလို့ပဲ ဖြစ်ပါတယ်။
“ရှင်းနေတာကို ရှုတ်အောင်လုပ်နေတာဗျ၊ ကချင်ပြည်နယ်မှာ KIA ဘာနဲ့ရပ်တည်နေသလဲ။ အဖြေကရှင်းပါ တယ်။ အဓိကတော့ သစ်ခိုးထုတ်တယ်၊ သစ်ခိုးဂိုဏ်းတွေကို အခကြေးငွေယူပြီး လုံခြုံရေးလုပ်ပေးတယ်။ တရုတ်ထဲကို တစ်နှစ်အတွင်း ၀င်နေတဲ့ မှောင်ခိုသစ်တန်ချိန်က နည်းတာမှမဟုတ်တာ၊ အဲဒီသစ်မှောင်ခိုလုပ် ငန်းကနေ KIA က ၀င်ငွေအမြောက်အများရနေတာ။ ပြီးရင် ရွှေမှော်၊ ကျောက်မှော်တွေမှာ ဆက်ကြေးကောက် တယ်။ ကုန်ကားတွေ၊ ခရီးသည်တင်ကားတွေဆီက ဓါးပြတိုက်တယ်။ ဖားကန့်က ကျောက်မျက်ကုမ္ပဏီတွေကို ဆက်ကြေးတောင်းတယ်။ အဲဒီလို မသမာတဲ့နည်းနဲ့ရတဲ့ ငွေတွေနဲ့ KIA ရပ်တည်နေတာ” ဟု ဒေသခံသစ်လုပ် ငန်းရှင်တစ်ဦးက ဆိုပါတယ်။
အထူးစစ်သတင်းဆိုပြီး ဖတ်လိုက်မိတဲ့ Status တစ်ခုရဲ့ အပေါစားရေးသားမှုတွေကို KIA ရဲ့ လုပ်ရပ်တွေ အကြောင်း ပြန်ပြောလိုက်တာပါ။ အဲဒီကားလမ်းမပေါ်မှာ တာဝန်အရ ဖြတ်သန်းသွားလာနေတဲ့ အစိုးရတပ် ယာဉ်တန်းကို ဓါတ်ပုံခိုးရိုက် ထိုးစစ်ဆင်နေပါတယ်ဆိုပြီး ရေးသားသလို အဲဒီလမ်းမမှာ KIA က အခကြေးငွေ ယူပြီး အစောင့်လုပ်ပေးနေတဲ့ တရုတ်ရွှေလီဘက်ကိုသွားတဲ့ သစ်မှောင်ခိုယာဉ်တန်းတွေကိုလည်း ဓါတ်ပုံရိုက် တင်မပေးတာ ဘာ့ကြောင့်ပါလိမ့်။ အခုမှ KIA ဟာ မဟုတ်တာလုပ်ပြီး ကြောက်နေတယ်လို့ပဲ ပြောချင်ပါတယ်။
ဇေယျာဦး

No comments:

Post a Comment