Thursday 28 May 2015

အမေရိကန်၏ စုံစမ်းစစ်ဆေးမှုကို ဖီဖာ ဥက္ကဋ္ဌ ဘလတ္တာ ကြိုဆို

ငွေကြေး အလွဲသုံးစားမှုများ၊ လာဘ်စားမှုများ ရှိနေသည်ဆိုသည့် မသင်္ကာမှုဖြင့် ဖီဖာအဖွဲ့ဝင်များကို အက်ဖ်ဘီအိုင်နှင့် ဆွစ်ဇာလန် အစိုးရ အာဏာပိုင်တို့က ဖမ်းဆီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းကို ကြိုဆိုကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။

ပြီးခဲ့သည့် ၂၇ ရက်နေ့ နံနက်ပိုင်းက အက်ဖ်ဘီအိုင်နှင့် ဆွစ်ဇာလန် အထူးရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဇူးရစ်မြို့၊ Baur au Lac hotel တွင် ကွန်ကာကပ်ဖ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျက်ဖရီဝက်ဘ် အပါအဝင် စုစုပေါင်း ခုနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ခေတ္တ ထိန်းသိမ်းခံထားရသူများ အနေဖြင့် အက်ဖ်ဘီအိုင်၏ မေးခွန်းများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်း ခုနှစ်ဦးအပြင် ဖီဖာအဖွဲ့ဝင်ဟောင်း နှစ်ဦးဖြစ်သည့် ကွန်ကာကပ်ဖ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဂျက်ဝါနာနှင့် နီကိုးလပ်စ်လီယိုတို့ ကိုလည်း ခေါ်ယူစစ်ဆေးမည် ဖြစ်သည်။

ဘလတ္တာ၏ ထုတ်ပြန်ကြေညာချက်တွင် 'ဒီအချိန်က ဖီဖာ၊ ဘောလုံး ပရိသတ်တွေနဲ့ ဘောလုံးလောက တစ်ခုလုံးအတွက် ခက်ခဲတဲ့ အချိန်ပါပဲ။ ဒါက အလွန်စိတ်ပျက်စရာ ကောင်းတယ်ဆိုတာ ကျွန်တော်တို့ နား လည်ပါတယ်။ ဒီကနေ့ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး လူတွေက ကျွန်တော်တို့ အပေါ်မှာ အမြင်အမျိုးမျိုး ရှိကြလိမ့်မယ်ဆိုတာလည်း သိပါတယ်။

ကံမကောင်းတာကတော့ ဒီကိစ္စတွေအားလုံး ရှင်းရှင်းလင်းလင်း မရှိတာပါပဲ။ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပါ တယ်။ အမေရိကန်နဲ့ ဆွစ်ဇာလန် အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကြိုဆိုပါတယ်။ ဖီဖာအနေနဲ့ ဘောလုံးလောကမှာ ဘာအမှားမှ မပြုလုပ်ခဲ့ဘူး ဆိုတာကို ဖော်ထုတ်ခဲ့ပြီးပါပြီ။ အခု စုံစမ်းစစ်ဆေးမှုတွေက ဖီဖာရဲ့ အမှားကင်းမှုကို ပိုပြီးခိုင်မာအောင် ကူညီပေးပါလိမ့်မယ်။

ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြုလုပ်ခွင့်ပေးပါ။ မရိုးမသား ပြုလုပ်သူတွေအတွက် ဘော လုံးလောကမှာ နေရာ မရှိပါဘူး။ အပြစ်ကျူးလွန်တာ သေချာတယ်ဆိုရင် အဲ့ဒီလူကို ဘောလုံးပြိုင်ပွဲတွေ ကနေ ဝေးကွာသွားစေမှာပါ။ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို လွတ်လပ်တဲ့ကျင့်ဝတ်ပိုင်း ဆိုင်ရာကော်မတီကလည်း ဆက်လက်စုံစမ်းစစ်ဆေးသွားမှာပါ။ ကော်မတီအနေနဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့လည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခု ကိစ္စရပ်မှာလည်း ပြစ်မှုကျူးလွန်သူတွေကို ပြည်တွင်း၊ ပြည်ပ ဘောလုံးလှုပ်ရှားမှုတွေကနေ ရာသက်ပန် ပိတ်ပင်သွားမှာပါ' ဟု ပါရှိသည်။

ဖီဖာ၏ လွတ်လပ်သော ကျင့်ဝတ်ပိုင်းဆိုင်ရာ ကော်မတီသည် အပြစ်ရှိသူ ၁၁ ဦးကို အရေးယူခဲ့ပြီး ဖြစ်သည်။

ရည်ညွှန်း - စကိုင်းစပေါ့
Mizzima - News in Burmese 

No comments:

Post a Comment