Thursday 28 May 2015

လူနှစ်ဦးကို လက်ပြန်ကြိုးတုပ်သတ်ပြီး အင်းတကော်တွင် လာရောက် စွန့်ပစ်သွားသည့် အဖွဲ့မှ နှစ်ဦးကို တရားခံပြေး ကြေညာမည်

ညီအစ်ကို နှစ်ဦးကို လက်ပြန်ကြိုးတုပ် သတ်ပြီး ကားဖြင့် လာရောက်စွန့်ပစ်ခဲ့သည့် အဖွဲ့မှ ပူးပေါင်းပါဝင်သူ နှစ်ဦးကို ဖမ်းဆီးမိရန် ကျန်ရှိနေပြီး ၎င်းတို့ကို တရားခံပြေးများအဖြစ် ကြေညာရန် ဆောင်ရွက်နေကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး လှဦးက မေ ၂၇ ရက်တွင် ပြောသည်။

ဒုတိယ ရဲမှူးကြီး လှဦးက “အဓိက ကျူးလွန်သူ အပါအ၀င် လေးဦးကို ဖမ်းမိထားပါတယ်၊ ပူးပေါင်းပါဝင်သူ နှစ်ဦး လွတ်နေပါသေးတယ်၊ တရားခံပြေးအဖြစ် ကြေညာသွားမှာပါ” ဟု ပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိထားသည့်သူလေးဦးကို ပဲခူးခရိုင် တရားရုံးတွင် တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်နေပြီး ကျန်နှစ်ဦးကိုလည်း အမှုဖွင့်၍ တရားခံပြေးများအဖြစ် ကြေညာသွားမည်ဖြစ်သည်။ အမှု၏အဓိကကျူးလွန်သူ ကိုမျိုးသက်ကို မေ ၇ ရက်က ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင်းနှင့် ကိုကျော်သူရ မှာ မေ ၁၄ ရက် ညပိုင်းက ဘားအံ ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ပြီး ပူးပေါင်း ပါဝင်ခဲ့ သည့် ကားသမားနှစ်ဦးကို လှိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မေ ၅ ရက်၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်နယ်မြေတွင် လက်ပြန်ကြိုးတုပ် အနေအထားဖြင့် လူနှစ်ဦးကို သတ်ပြီး ပရိုဘောက်ကားဖြင့် လာရောက်စွန့်ပစ် သွားကာ သေဆုံးသူမှာ စမ်းချောင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များတွင် နေထိုင်သည့် အသက် ၅၀ အရွယ် ဦးညွန့်ဝေနှင့် ဦးညွန့်ဆွေတို့ ညီအစ်ကိုနှစ်ဦး ဖြစ်သည်။

ဖမ်းဆီးရမိထားသူများကို စစ်ဆေးချက်အရ ငွေကြေးလိမ်လည်မှုကြောင့် လူသတ်ခဲ့ခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်ကို အင်းတကော်နယ်မြေ ရဲစခန်းက (ပ) ၅၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment