Thursday 28 May 2015

မြန်မာ ယူ-၂၀ ၏ အုပ်စုပြိုင်ဘက်များကို လေ့လာခြင်း

အုပ်စုဗိုလ်ဖြစ်ရန် ရေပန်းစားနေသော အမေရိကန်

မကြာခင် ရက်ပိုင်းမှာ မြန်မာဘောလုံးပရိသတ် အားလုံး တောင့်တစောင့်မျှော်နေတဲ့ ယူ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်တော့မှာ ဖြစ်ပါတယ်။ သက်တမ်းအလိုက် မြန်မာ့လက် ရွေးစင် အသင်းတစ်သင်း အနေ နဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီး တစ်ရပ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့နောက် ပရိသတ်တွေ အားလုံးက  မြန်မာအသင်းအပေါ် အကြီးအကျယ် မျှော်လင့် ချက်ထား အားပေးနေကြပါ တယ်။

မဲခွဲမှုတွေအရ မြန်မာအ သင်းဟာ အုပ်စု(A)မှာ ပါဝင်ခဲ့ပြီး အမေရိကန်၊ ယူကရိန်း၊ အိမ်ရှင် နိုင်ငံဖြစ်တဲ့ နယူးဇီလန်တို့နဲ့ ရင် ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ အာ ဂျင်တီးနား၊ ဘရာဇီး၊ ဂျာမနီတို့ လို ကမ္ဘာ့ထိပ်သီး အသင်းတွေကို အုပ်စုအဆင့်မှာ ရှောင်နိုင်ခဲ့ပေ မယ့် လက်ရှိ ပြိုင်ဘက်တွေက လည်း အဆိပ်ကိုယ်စီ ရှိနေတာ ကို လက်ခံရမှာ ဖြစ်ပါတယ်။
အုပ်စုအဆင့်မှာ မြန်မာအ သင်းနဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက် တွေအကြောင်း သုံးသပ်တင်ပြ သွားမှာဖြစ်ပြီး အခုပထမဆုံး အနေနဲ့ အမေရိကန် ယူ-၂၀ အသင်းအကြောင်း မိတ်ဆက် ဖော်ပြသွားမှာပါ။

 နောက်ခံအကြောင်းအရာများ

ဖီဖာရဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ အမေရိကန်ဟာ ဝါရင့်ပြိုင်ပွဲဝင် အသင်းတစ်သင်း ဖြစ်ပါတယ်။ နယူးဇီလန်မှာ ကျင်းပမယ့် ဒီနှစ်ပြိုင်ပွဲကတော့ အမေရိကန် အနေနဲ့ (၁၄) ကြိမ် မြောက် ပါဝင်ခွင့် ရခဲ့တာပါ။ ၁၉၈၉ ခုနှစ်က ဆော်ဒီအာရေ ဗျမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ အမေရိ ကန် အသင်းဟာ စတုတ္ထနေရာ ရရှိခဲ့ပြီး အအောင်မြင်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အစဉ် အလာကြီးမားတဲ့ ဘောလုံးနိုင်ငံ တစ်ခုမဟုတ်ပေမယ့် အမေရိကန် ယူ-၂၀ အသင်းရဲ့ လက်ရှိစုဖွဲ့မှု မှာ အင်္ဂလန်၊ နယ်သာလန်၊ စပိန်၊ ဂျာမနီ အစရှိတဲ့ ဥရောပ ဘောလုံးထိပ်သီး နိုင်ငံတွေက လိဂ်ပြိုင်ပွဲဝင် အသင်းတွေမှာ က စားနေတဲ့ လူငယ်တွေပါဝင်နေ ပါတယ်။ ယူ-၂၀ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အမေရိကန် အနေနဲ့ စုစုပေါင်း ၅၂ ပွဲထိ က စားထားပြီး ၁၈ ပွဲနိုင်၊ ခြောက်ပွဲ သရေနဲ့ ၂၅ ပွဲ ရှုံးနိမ့်ထားတဲ့ မှတ်တမ်း မျိုး ရှိနေပါတယ်။
မေလ ၃၀ ရက် မှာတော့ မြန်မာအသင်းဟာ အုပ်စုအဖွင့် ပွဲစဉ် အဖြစ် အမေရိကန်ကို ရင်ဆိုင် ကစားသွားရမှာပါ။

နည်းပြ

အမေရိကန် အသင်းကို အ မေရိကန် လက်ရွေးစင် ကစားသ မားဟောင်း တာဘာရီရာမို့စ်က နည်းပြအဖြစ် တာဝန်ယူထားပါ တယ်။ ဥရုဂွေးမှာ မွေးဖွားပေမယ့် အမေရိကန်အတွက် ၈၁ ပွဲထိ ကစားပေးခဲ့ဖူးတဲ့ ရာမို့စ်ဟာ နည်းပြနယ်ပယ်ထဲ ဝင်ရောက် လာ ရာမှာလည်း လေးစားခံ့ညား လောက်တဲ့ အရည်အသွေးမျိုး တွေ ပြခဲ့သူပါ။ ၂၀၁၃ ခုနှစ်၊ ကွန် ကာကတ်ဖ် ယူ၂၀ ချန်ပီယံရှစ် ပြိုင်ပွဲမှာ အမေရိကန် အသင်းကို ဗိုလ်လုပွဲထိ တက်ရောက်နိုင် အောင် ဦးဆောင်ခဲ့ပေမယ့် မက္က ဆီကို အသင်းကို အရေးနိမ့်ခဲ့ပါ တယ်။ ၂၀၁၃ ခုနှစ် ယူ၂၀ ကမ္ဘာ့ ဖလားမှာတော့ ရာမို့စ်ရဲ့ အသင်း ဟာ အုပ်စုအဆင့်ကနေပဲ လှည့် ပြန်ခဲ့ရပါတယ်။
ဒီနှစ်မှာတော့ နည်းပြအ တွေ့အကြုံ ပိုကြွယ်ဝလာသလို ကစားသမား စုဖွဲ့မှု အပိုင်းမှာ လည်း အရင်ထက် တောင့်တင်း အောင် ရာမို့စ်တစ်ယောက် စနစ် တကျ ပြင်ဆင်လာတာ မြင်သာ ပါတယ်။

 ခြေစစ်ပွဲ ဖြတ်သန်းမှု

၂၀၁၅ ခုနှစ်၊ ကွန်ကာ ကတ်ဖ် ယူ-၂၀ ချန်ပီယံရှစ် ပြိုင် ပွဲမှာ အမေရိကန်အသင်းက ဟွန် ဒူးရပ်စ်နဲ့အတူ တတိယနေရာ ပူး တွဲရရှိခဲ့ပါတယ်။ ထိပ်ဆုံးလေး သင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ကြောင်း သတ်မှတ်ချက် ကြောင့် အမေရိကန်ဟာ မက္ကဆီ ကို၊ ပနားမား၊ ဟွန်ဒူးရပ်စ်တို့နဲ့ အတူ နယူးဇီလန်ကို ခြေချခွင့် ရ လာခဲ့တယ်။
ခြေစစ်ပွဲ တစ်လျှောက်မှာ အမေရိကန်ဟာ ပနားမားကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ကျန် ငါးပွဲ မှာ လေးပွဲနိုင်ပြီး တစ်ပွဲပဲ သရေကျ အောင် ကစားပြခဲ့ပါတယ်။ ကွန် ကာကတ်ဖ် ချန်ပီယံရှစ်မှာ အမေ ရိကန် တိုက်စစ်မှူး ရိုမိန်းဂေါလ် ဟာ ငါးဂိုးသွင်းပြီး ပူးတွဲ ဂိုးသွင်း ဘုရင် ဖြစ်ခဲ့ပေမယ့် ပြဿနာ တချို့ကြောင့် အခုလက်ရှိ ပြိုင်ပွဲ ဝင် လူစာရင်းမှာတော့ ပါဝင်လာ ခြင်း မရှိပါဘူး။
၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ် အ တွင်းတွေမှာ အမေရိကန် ယူ-၂၀ အသင်းဟာ အတွေ့အကြုံ ကောင်းတွေ အများကြီး ရလာခဲ့ ပါတယ်။ ခြေစစ်ပွဲမှာ ပြိုင်ဘက် ကောင်းတွေကို ကျော်ဖြတ်ခဲ့တဲ့ အပြင် ဒဲလက်စ်ဖလားမှာ အာဂျင် တီးနားထိပ်သီး ရေးဗားပလိတ်၊ ဂျာမန်ကလပ် အိန့်ထရတ်ခ်ျ ဖရန့်ဖတ်၊ ဘရာဇီးက လပ်ဖလူမီနီးစ် တို့ကို ခြေစွမ်းပြ အနိုင်ရခဲ့ပေ မယ့် ဗိုလ်လုပွဲ မှာတော့ ရေးဗားပလိတ် နဲ့ ပြန်တွေ့ပြီး အရေးနိမ့်ခဲ့ပါ တယ်။ အမေရိကန်ရဲ့ နောက်ဆုံး ပွဲစဉ် နှစ်ခုကိုတော့ အင်္ဂလန်မှာ သွားကစားပြီး ရလဒ် မကောင်းခဲ့ ပါဘူး။ တော့တင် ဟမ် ဟော့စပါး လူငယ်အကယ်ဒမီရယ်၊ အင်္ဂလန် ယူ-၂၀ အသင်းရယ်နဲ့ ခြေစမ်း ခဲ့ရာမှာ နှစ်ပွဲလုံး ရှုံးနိမ့်ထား ပါတယ်။

ကစားကွက်အခင်းအကျင်း

ကွန်ကာကတ်ဖ် ချန်ပီယံရှစ် ပြိုင်ပွဲမှာတော့ အမေရိကန်ဟာ ၄-၃-၃ ကစားကွက်ကိုပဲ အထိုင် ချ အသုံးပြုပြီး တိုက်စစ်အား ပြု ကစားလေ့ ရှိတာကို တွေ့ခဲ့ရပါ တယ်။ အမေရိကန် တိုက်စစ် က ဧရိယာ အတွင်းရော အပြင် ဘက်ကပါ ဂိုးသွင်းနိုင်စွမ်း ရှိ သလို တောင်ပံခံစစ်သမားတွေ ကလည်း တိုက်စစ်ထိ လိုက်ပါ ပံ့ပိုးပေးလေ့ ရှိပါတယ်။ လက်ရှိ အမေရိကန်ရဲ့ စုဖွဲ့မှုအပိုင်းမှာ အဓိက အားသာချက်ကတော့ ကွင်းလယ်နေရာ ဖြစ်လာနိုင်ပါ တယ်။ ကွန်ကာကတ်ဖ် ပြိုင်ပွဲ တုန်းက အခြေကျပြီးသား အသင်း မှာ ကစားသမားသစ် တချို့ မွမ်းမံ ဖြည့်တင်းလိုက်တဲ့နောက် ပိုပြီး တောင် အင်အားတောင့်တင်း လာတယ်လို့ ဆိုရမှာပါ။
အမေရိကန်နည်းပြ ရာမို့စ် ဟာ အထောင်တိုက်စစ်မှူး တစ် ယောက်ကို တည်ထားပြီး တောင်ပံ တွေကပါ ဝန်းရံပံ့ပိုးထိုးဖောက်တဲ့ ဗျူဟာမျိုးကို အသုံးပြုလာနိုင်ပါ တယ်။ ဒါ့အပြင် ယော်ဒန်အလန် လို ကွင်းလယ်ရော၊ တိုက်စစ်ပါ နေရာစုံ ကစားနိုင်တဲ့ ဘောလုံး သမားတွေကို ရွေးချယ်လာတာ ကြောင့် ရာမို့စ်ဟာ ကစားကွက် နည်းဗျူဟာ အပြောင်းအလဲကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခွင့် ရှိနေတယ်။ ကွန်ကာကတ်ဖ် ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဂိုးသွင်းဘုရင် ရိုမိန်းဂေါလ် ကို ချန်လှပ်ခဲ့တဲ့နောက် နယ်သာ လန်ကလပ် အူထရက်ခ်ျရဲ့ လူ ငယ်တိုက်စစ်မှူး ရူဘီယို ရူဘင် ဟာ အမေရိကန်ရဲ့ ထိုးစစ်မြား ဦးကို အဓိက ဦးဆောင်ပါလိမ့် မယ်။

 စောင့်ကြည့်ရမည့် ကစားသမားများ

ဦးဆုံး သတိပြုသင့်တာက တော့ တိုက်စစ်မှူး ရူဘီယိုရူဘင် ပါ။ အမေရိကန် လက်ရွေးစင် အသင်းကြီးမှာ သုံးပွဲထိ ကစားဖူး သလို ယူထရက်ခ်ျနဲ့အတူ ဒတ်ခ်ျ အဆင့်မြင့်တန်း ပြိုင်ပွဲတွေမှာ အတွေ့အကြုံကောင်းတွေ ပိုင် ဆိုင်ထားပြန်တယ်။ အရပ်အ မောင်း အရမ်းမကောင်းပေမယ့် ပါးနပ်မှု၊ နေရာလွတ် ရှာဖွေ တတ်မှုတွေက ရူဘင်ရဲ့ အစွမ်း ထက် လက်နက်တွေ ဖြစ်နေ တာကြောင့် မြန်မာခံစစ်သမား တွေ သတိထား စောင့်ကြည့်ရ မယ့် ပြိုင်ဘက်ကောင်း တစ် ယောက်ပါပဲ။
နောက်ထပ် စိတ်ဝင်စားစ ရာ ကစားသမားကောင်းနှစ်ဦး ကတော့ ကွင်းလယ်က ဂီဒီယွန် ဇီလာလမ်နဲ့ အသင်းခေါင်း ဆောင် အီမာဆန် ဟင်းမန်းတို့ ပါပဲ။ ဇီလာလမ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အာဆင် နယ်ရဲ့ အလားအလာ ကောင်း မွန်တဲ့ လူငယ်ခြေတက်လေး တစ်ယောက်အဖြစ် သတ်မှတ်ခံ ထားရပြီး အရင်က ဂျာမန်လူ ငယ်လက်ရွေးစင် တစ်ဦးဖြစ်ခဲ့ပါ တယ်။ ကမ္ဘာ့ဖလား မတိုင်ခင်မှာမှ အမေရိကန် ယူ-၂၀ အသင်းကို ကိုယ်စားပြုဖို့ ဇီလာလမ်က ရွေး ချယ်လိုက်ပါတယ်။ အီသီယိုးပီးယားနွယ်ဖွား ကစားသမားလေး ဟာ မာဂုဏ်ရော၊ ကစားအားပါ ကောင်းမွန်တာကြောင့် နည်းပြ ရာမို့စ်ရဲ့ အသင်းမှာ အရေးပါ တဲ့ အားဖြည့်မှုတစ်ရပ် ဖြစ်လာပါ လိမ့်မယ်။ ဟင်းမန်းကတော့ ကာယကြံ့ခိုင်မှုပိုင်း အကောင်း ဆုံး မဟုတ်ပေမယ့် ကစားကွက် တစ်ခုလုံးကို ဦးဆောင်နိုင်သလို အကွက်မြင်မြင် ဖန်တီးမှုတွေ လုပ်ပြနိုင်တဲ့ ကွင်းလယ်ဗိသုကာ  တစ်ယောက်ပါ။

အမေရိကန် ယူ - ၂၀ လူစာရင်း

ဂိုး - ဇက်စတီဖန်၊ သောမတ်စ် အော်လ်ဆင်၊ ယက်ဖ်ကဒ်ဝဲလ်

နောက် - ရှာကွယ်လ်မော၊ ဂျွန်ရို ကူဂျို၊ ကင်မရွန်ကာတာဗစ်ကာစ်၊ မတ်မိုင်ဇ်ကာ၊ ကော်နာဒိုနိုဗန်၊ ဒီဆီဗီယိုပိန်း၊ အဲရစ်ခ်ပယ်လ်မာ ဘရောင်း

လယ် - ကယ်လင်းအေကော် စတာ၊ ဂျိုဝယ်ရှိုနိုရာ၊ မာကိုဒယ်လ် ဂါဒို၊ ဂီဒီယွန်ဇီလာလမ်၊ အီမာ ဆန်ဟင်းမန်း၊ ပေါလ်အာရီရိုလာ

ရှေ့ - ရူဘီယိုရူဘင်၊ ယော်ဒန် အလန်၊ ဘရတ်ဖို့ဒ်ဂျေမီဆန်၊ တော်မီသွမ်ဆင်၊ မာကီတောလ်

 ခြုံငုံသုံးသပ်ချက်

အုပ်စု(A)ရဲ့ လေးသင်းမှာ တော့ အမေရိကန်ဟာ လက်ရှိ အတောင့်တင်းဆုံး အသင်းအဖြစ် အသိအမှတ် ပြုရပါမယ်။ ပြည် တွင်းကလပ်တွေက လူငယ်ခြေ တက်တွေရယ်၊ ဥရောပမှာ အ တွေ့အကြုံယူ ကစားနေတဲ့ လူ ငယ်တွေရယ် ပေါင်းစုထားသလို ယူ၂၀ ကမ္ဘာ့ဖလား အတွေ့အကြုံ ကြွယ်ဝခြင်းကလည်း အမေရိ ကန်ကို ပြိုင်ဘက်သုံးသင်းထက် အသာစီး အနေအထားရနေစေ တယ်။ အမေရိကန်ဟာ အုပ်စု ဗိုလ်နေရာကို ရည်မှန်းပြီး ကစားမယ့် အခြေအနေရှိတာကြောင့် အုပ်စုအဖွင့် ပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ အမှားအယွင်း အနည်းဆုံးဖြစ်အောင် သတိ ထားဖို့ လိုအပ်ပါလိမ့်မယ်။
7 day

No comments:

Post a Comment