Thursday 28 May 2015

စင်ကာပူ လေကြောင်းပိုင်လေယာဉ် ပျံသန်းနေစဉ် အင်ဂျင်နှစ်လုံးစလုံး ယာယီရပ်သွားခဲ့

စင်ကာပူ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးသည် ပျံသန်းနေစဉ် မုန်တိုင်းမိပြီး အင်ဂျင် နှစ်လုံးစလုံး ယာယီရပ်သွားသည့် အခြေအနေတစ်ရပ် ကြုံခဲ့ကြောင်း သိရှိရသည်။

 ခရီးစဉ်အမှတ် SQ836သည် စင်ကာပူမှ တရုတ်နိုင်ငံ ရှန်ဟိုင်းသို့ ပျံသန်းနေစဉ် အတောအတွင်း အဆိုပါ ထိတ်လန့်ဖွယ် အတွေ့အကြုံနှင့် ရင်ဆိုင်ခဲ့ရခြင်းဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ခရီးသည် ၁၈၂ ဦးနှင့် အမှုထမ်း ၁၂ ဦးကို တင်ဆောင်လာသည့် Airbus A330-300 လေယာဉ်သည် ဘေးကင်းစွာဖြင့် ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။

“လေဆိပ်ကနေ ပျံတက်သွားပြီး ၃ နာရီခွဲလောက် အကြာမှာ ရာသီဥတု ဆိုးရွားလွန်းတဲ့ အခြေအနေ ကြောင့် အခုလို ဖြစ်ခဲ့တာပါ။ အဲဒီအချိန် လေယာဉ်က အမြင့်ပေ ၃၉၀၀၀ မှာပျံသန်းနေပါတယ်။ လေယာဉ် အင်ဂျင်နှစ်လုံးစလုံးက ယာယီရပ်သွားတယ်။ ဒါပေမဲ့ လေယာဉ်မှူးက သတ်မှတ်ထားတဲ့ လုပ်ငန်း စဉ်တွေအတိုင်း တည်တည်ငြိမ်ငြိမ် ထိန်းချုပ် ကိုင်တွယ်ခဲ့ပါတယ်။ လေယာဉ်ဟာ ရှန်ဟိုင်းထိ ဆက်ပျံသန်း နိုင်ခဲ့ပြီး အမှားအယွင်းမရှိ ဆင်းသက်နိုင်ခဲ့ပါတယ်”ဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက CNNသို့ ပြောကြားခဲ့သည်။

ရှန်ဟိုင်းသို့ ရောက်ရှိချိန်တွင် အင်ဂျင်များကို ပြန်လည် စစ်ဆေးရာ မူမမှန်မှု တစ်စုံတစ်ရာ မတွေ့ရ ဟုလည်း သိရသည်။ ဆိုးရွားသော မုန်တိုင်း ရာသီဥတုကို ဖြတ်သန်းစဉ် အင်ဂျင်စက်များသို့ လျှပ်စစ်ဓာတ် အား ထောက်ပံ့မှု ယာယီ ရပ်ဆိုင်းသွားခြင်းမျိုး ဖြစ်နိုင်ကြောင်းလည်း လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

Flightradar၏ အဆိုအရ အင်ဂျင်စက်များ ယာယီရပ်သွားချိန်တွင် လေယာဉ်သည် အမြင့်ပေ ၁၃၀၀၀ ထိ နိမ့်ဆင်းသွားခဲ့ပြီး ထို့နောက်တွင်မှ လေယာဉ်မှူးများက အင်ဂျင်စက်ကို ပြန်နှိုးနိုင်ခဲ့ကြောင်း သိရသည်။ စင်ကာပူ လေကြောင်းလိုင်းကမူ ယင်းဖြစ်စဉ် အတိအကျကို အတည်ပြု မှတ်ချက် မပေးခဲ့ချေ။

စင်ကာပူ လေကြောင်းလိုင်းသည် ယခုဖြစ်ရပ်ကို ပြန်လည် သုံးသပ်ရန်အတွက် Airbus ကုမ္ပဏီနှင့်ရော၊ အင်ဂျင်စက်များ ထုတ်လုပ်သည့် Rolls-Royceနှင့်ပါ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ကြေညာထားသည်။

_Ref: CNN
7Day DAILY 

No comments:

Post a Comment