Thursday 28 May 2015

၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ပတ်သက်၍ လာဘ်စားမှုများ ရှိ၊ မရှိ စစ်ဆေး

ဇူးရစ်−ဆွစ်ဇာလန် ရှေ့နေချုပ်ရုံး (OAG) သည် ဖီဖာက ရုရှားနှင့် ကာတာတို့အား ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပွဲများ ကျင်းပခွင့် ပေးခဲ့ခြင်းတွင် ငွေကြေးခဝါချမှုနှင့် ခြစားမှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် ဖီဖာအိုင်တီစနစ်များထဲမှ ဒေတာအချက်အလက်များကို လွှဲပြောင်းရယူခဲ့သည်။

ဆွစ်အာဏာပိုင်များသည် ဖီဖာ၏ အိုင်တီဒေတာများကို ရယူခြင်းမှာ အထက်ပါ အမှုများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံ အထောက်အထားများအဖြစ် ရယူခြင်းဖြစ်သည်ဟု ဆိုသည်။

ဤအတောအတွင်း ဖီဖာဒုဥက္ကဋ္ဌတစ်ဦး အပါအဝင် ကိုယ်စားလှယ်များ ဖမ်းဆီးခဲ့ရာတွင် ဆွစ်အာဏာပိုင်များသည် ၂၀၁၀ ကမ္ဘာ့ဖလားမဲပေးမှုများမတိုင်မီ တရားမဝင် လုပ်ဆောင်မှုများ ရှိ၊ မရှိနှင့် ဆက်နွှယ်သည့် သက်ဆိုင်ရာ ဘဏ်စာရင်းများနှင့် အထောက်အထားများကိုလည်း သိမ်းယူထားခဲ့သည်။

‘‘မတ်လ ၁၀ ရက်မှာ OAG က စတင်စစ်ဆေးခဲ့တဲ့ ဆွစ်ပြစ်မှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ ဖီဖာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့် ပေးခဲ့ပုံအရ မမှန်မကန်တာတွေ တွေ့ရှိရတယ်လို့ သံသယရှိပါတယ်။ ဆွစ်ဘဏ်စာရင်းတွေမှာလည်း ငွေကြေး ခဝါချမှုတွေ လုပ်ထားကြောင်း သံသယ တွေ့ရပါတယ်။ OAG နဲ့ ဆွစ်ဖက်ဒရယ် ပြစ်မှုဆိုင်ရာ ရဲတပ်ဖွဲ့တို့ဟာ ၂၀၁၀ ဖီဖာအမှုဆောင် ကော်မတီ အဖွဲ့ ဝင်တွေထဲမှာ ၂၀၁၈ နဲ့ ၂၀၂၂ကမ္ဘာ့ဖလားတို့ကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခဲ့တဲ့ လူ ၁၀ ဦးကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်’’ ဟု ရှေ့နေချုပ်ရုံး ကြေညာချက်က ဖော်ပြသည်။

သို့သော် ထိုစစ်ဆေးမှုများ မှာ ဆွစ်အာဏာပိုင်များက ဖီဖာ အရာရှိ ခြောက်ဦးကို ဇူးရစ်မြို့တွင် ဖမ်းပြီး အမေရိကန်သို့ လွှဲပြောင်းပေးလိုက်သည့် အမှုနှင့် သီးခြားစီ စစ်ဆေးသွားမည်ဖြစ်သည်။
7 day

No comments:

Post a Comment