Wednesday 18 November 2015

မီးပုံးပျံပြုလုပ်ရာမှ မီးလောင်၊ (၃)ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

 တောင်ကြီးမြို့ရှိ နေအိမ်တစ်အိမ်တွင် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် ညမီးကြီး အမျိုးအစား မီးပုံး ပျံပြုလုပ်ရာမှ လက်လုပ်ယမ်း မတော်တဆ ပေါက်ကွဲ မီးလောင်ကျွမ်းမှု ယခုလ(၁၇) ရက်တွင်ဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ(၇)နေကြာလမ်းရှိနေ အိမ်တစ်အိမ်တွင် ဓာတ်လုံးမီး၊ ဓာတ်ခဲမီး တို့ဖြင့်  ညမီးကြီး အမျိုးအစား မီးပုံးပျံ ပြုလုပ်ရာ စက္ကူပြောင်းအတွင်း ယမ်းတောင့် ထည့်ရာမှ ပေါက်ကွဲမီးလောင်ကျွမ်းမှု နိုဝင်ဘာလ (၁၇)ရက် ညနေ(၃) နာရီတွင်စတင် ဖြစ်ပွားခဲ့ပြီး တစ်နာရီအကြာ ညနေ လေးနာရီတွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေအိမ်အတွင်းရှိ Mark X ကား အမျိုးအစားနှင့် ဟာရီယာကား အမျိုးအစား စုစုပေါင်း ကားနှစ်စီးနှင့် နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းစဉ် နေအိမ်ထဲတွင်ရှိသော အသက်(၇၀) အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၆၀) အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်လေးနှစ် အရွယ်ကလေးတစ်ဦး မီးခိုးမွှန်ပြီးနောက် ဆေးရုံအရောက်တွင် သေဆုံးသွားသည်။ စက္ကူပြောင်းအတွင်း ယမ်းတောင့်ထည့်ခဲ့သူ အသက် (၄၀)အရွယ် အမျိုးသားမှာ မီးလောင်မှုကြောင့် လက်နှစ်ဖက်တွင် ဒဏ်ရာရခဲ့ကြောင်း ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှူးရုံး တောင်ကြီးမြို့ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သူက ပြောသည်။

““သုံးယောက်ကတော့ မီးခိုးမွှန်လို့ စ၀်စံထွန်းဆေးရုံကို ပို့ပြီးဆေးကုသစဉ်မှာပဲ သေဆုံးသွားခဲ့တယ်။ ယမ်းတောင့်ထည့်တဲ့ သူကို ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထား ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း (၉၀)တန်ဖိုး ရှိတယ်။ ဘေးအိမ်တွေကို မီးမကူးအောင် အချိန်မီ မီးငြှိမ်းသတ် နိုင်ခဲ့ပါတယ်””ဟု ဦးအောင်သူက ပြောသည်။

မီးလောင်မှုမှာ လူသေဆုံး ခဲ့သောကြောင့် ပ/၃၀၄ / ၂၀၁၅ ၊ မီးပေါ့ဆမှုပုဒ်မ ၂၈၅၊ ထိခိုက်ဒဏ်ရာရမှု ပုဒ်မ ၃၃၈ ၊ လူသေဆုံးမှု ပုဒ်မ ၃၀၄ (က) စုစုပေါင်း ပုဒ်မသုံးခုဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့်ထားပြီး မီးလောင်မှုအား သန္ဓေမီးသတ် အင်အား(၄၀)၊ အရန် မီးသတ်အင်အား (၅၀) မီးငြှိမ်းသတ်ယာဉ် (၁၁)စီး၊ မီးသတ်ရေသယ်ယာဉ် သုံးစီး၊ စည်ပင် ရေသယ်ယာဉ် တစ်စီး၊ ပြင်ပ ရေသယ်ယာဉ် ခြောက်စီး ဖြင့်မီးငြှိမ်းသတ်ခဲ့ကြောင်း ရှမ်းပြည်နယ် မီးသတ်ဦးစီး ဌာနမှူးရုံးထံမှ သိရသည်။ 

Messenger News Journal​ 

No comments:

Post a Comment