Monday 2 February 2015

မြို့ပြ ဖွံ့ဖြိုးရေးအတွက် လယ်ယာမြေပြဿနာ အရေးတကြီး ဖြေရှင်းရန်လိုအပ်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) လယ်ယာမြေ ပိုင်ဆိုင်ခွင့်မရှိခြင်းက အဓိကပြဿနာ တစ်ရပ် ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ မြို့ပြ ဖွံ့ဖြိုးရေးအတွက် လယ်ယာမြေပြဿနာ အရေး တကြီးဖြေရှင်းရန် လိုအပ်သည်ဟု မြို့ပြဖွံ့ဖြိုး ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ရေးခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်း ပညာရှင်များက ပြောသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်အသုံးချ ဘောဂဗေဒမှပညာရှင် ဒေါ်ဇင်ဇင်နိုင်က ''အခု မြို့ပြ ဖွံ့ဖြိုးရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍကိုပြောရင် အရေးတကြီး ဖြေရှင်းရမှာ မြေယာပိုင်ဆိုင်မှုပါ။ အငှားလုပ်ပိုင်ခွင့်ပဲ ရှိနေပါ သေးတယ်။ ပိုင်ဆိုင်ခွင့် မရှိသေးပါဘူး။ အခုနိုင်ငံမှာ အဓိကဖြစ်နေတဲ့ပြဿနာ ပါ'' ဟု ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ သုံးမြို့၏ မြို့ပြဖွံ့ဖြိုးမှုတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ထည့်သွင်းလုပ်ကိုင်ခြင်းနှင့် လယ်ယာမြေကို အခြားလုပ်ငန်းများတွင် အသုံးချပါက ဥပဒေနှင့် ကိုက်ညီ မှုမရှိသေးသည့်အပေါ် ပညာရှင်များက ပြောဆိုခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုး ရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေး မှူး ဒေါ်သန္တာကြည်က ''မြို့ပြဖွံ့ဖြိုးရေးမှာ စိုက်ပျိုးရေးနဲ့တွဲပြီး Green Development လုပ်မယ်ဆိုရင် လိုအပ်နေတဲ့ ဥပဒေတွေ၊ လွဲနေတဲ့လုပ်ထုံး လုပ်နည်းတွေကိုပယ်ရမှာပါ။ အခုလည်း ဝန်ကြီးဌာနပိုင်းက မြေယာမူဝါဒနဲ့ပတ်သက်ပြီး ပြုပြင်ဖို့တွေလုပ်နေပါတယ်။ အချိန်နည်းနည်းလိုနေတာပါ'' ဟုဆိုသည်။

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးရေးအတွက် စီးပွားရေးနှင့်ဆိုင်သော လုပ်ငန်းကြီးများ လိုအပ်သော မြေနေရာအတွက် လယ်ယာမြေများ ရယူရာတွင် လယ်သမားများကို ကာလပေါက်ဈေးပေး၍ လုပ်ကိုင်နေသော်လည်း အလွယ်တကူ ရယူနိုင်ခြင်း မရှိကြောင်း ယင်းဆွေးနွေးပွဲ တက်ရောက်သည့် စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအကျိုး မထိခိုက်စေသည့် မြို့ပြ ဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ကိုင်မည့်မြေများ အသုံးချရာတွင် လယ်ယာစိုက်ကွက်၊ သစ်တောမြေ၊ စက်ရုံအလုပ်ရုံ၊ မြို့ပြနေရာ၊ လူနေအိမ်များဟူ၍ ခွဲခြားလုပ်ဆောင်ရန် မဟာဗျူဟာ ကြိုတင်ရေးဆွဲခြင်းနှင့် လိုအပ်သောဥပဒေများ အရေးကြီးကြောင်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီနာယက ဦးတင်ထွဋ်ဦးက သုံးသပ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment